COVID - 19 ကာလတွင် ရေဘေးအန္တရာယ်ကိုလည်း သတိပြုစေလို

၂ဝ၂ဝ ပြည့်နှစ်သည် ဝါထပ်သော နှစ်ပင်ဖြစ်သည်။ ဝါထပ်သောနှစ်များတွင်   မုတ်သုံလေ အားကောင်းသောကြောင့် မိုးကြီးခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်းနှင့် အအေးပိုခြင်းတ ို့ဖြစ်လေ့ရှိသည်။ နှစ်စဉ်မိုးတွင်း ကာလတွင်  မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများ ဖြစ်တတ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့်   ကောက်ပဲသီးနှံစိုက်ခင်းများ ရေနစ်မြုပ်ရခြင်း၊   လူနှင့်အိမ်မွေး တိရစ္ဆာန်များ သေကျေ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့အပြင်  ဝမ်းပျက်ဝမ်းလျှောခြင်း၊ စိတ်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ ခံစားရပါသည်။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးအဆက်မပြတ် ရွာသွန်းတတ်သည်။ မိုးသက်လေပြင်းများ ကျရောက်တတ်သည်။ မြေနိမ့်ပိုင်းရှိ တချို့သော ကျေးရွာများသည် ရေကြီးရေလျှံမှုဒဏ် ခံစားရလေ့ရှိသည်။

ထို့ပြင်  မိုးကြီးပြီးသည့်အချိန်တွင် တောင်ပြိုမှုများ၊ ကားလမ်း၊  ရထားလမ်းပိတ်မှုများ၊  ဆည်တမံကျိုးပေါက်မှုများလည်း ဖြစ်လေ့ရှိသည်။ ထို့ကြောင့် တချို့သောဒေသများသည် ဆည်တမံကျိုးပေါက်မှုကြောင့် ရေအောက်ကျရောက် သွားတတ်သည်။ ထိုအချိန်မျိုးတွင် အိမ်မွေးတိရစ္ဆာန်များ အပါအဝင် ပြည်သူများအသက် ဆုံးရှုံးရလေ့ရှိသည်။ ထို့ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ အနေဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို စနစ်တကျကြိုတင် ပြင်ဆင်ထားသင့်ပေသည်။

ရေဘေးအန္တရာယ်

ဆိုရလျှင်နှစ်စဉ်မိုးရာသီတွင် ပြည်သူများကြုံတွေ့ရသည့်ဒုက္ခသည် ရေဘေးအန္တရာယ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က ရေဘေးသိပ်မကြုံခဲ့ရပေ။ ကြုံတွေ့ရသည့်တိုင်အောင် အချိန်မီ ကယ်တင်ပြောင်းရွှေ့နေရာချထားပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သို့သော်သစ်တောများ ပြုန်းတီးခြင်း၊ ရေဝေရေလဲဒေသများ ပျက်စီးခြင်းနှင့် မြစ်ချောင်းများ တိမ်ကောခြင်းတို့ကြောင့် လွန်ခဲ့သောနှစ် အနည်းငယ် အတွင်းမှစကာ မိုးရာသီတွင် တချို့သောဒေသများသည် ရေအောက်သို့ ရောက်သွားလေ့ရှိသည်။ ထို့ကြောင့် နှစ်စဉ်ရေဘေး ကြုံတွေ့ဖူးသည့်ဒေသများ အနေဖြင့် ရေဘေးကာကွယ်ရေး အစီအမံများ ကြိုတင်လုပ်ဆောင် ထားရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲ

မိုးသည်းထန်စွာ ရွာပြီဆိုလျှင် ရာသီမရွေး သွားလာနိုင်သည့် လမ်းများသည်ပင်လျှင် သွားလာ၍မရနိုင်တော့သည့် အနေအထားသို့ ရောက်သွားတတ်သည်။ အထူးသဖြင့် လမ်းများပေါ်တွင်   ရေကျော်နေခြင်း၊ သဲချောင်းများရှိ တံတားများပေါ်သို့ ရေကျော်ခြင်း၊ တောင်ပေါ်လမ်းများတွင် သဲတောင်များပြိုကျခြင်း၊ လမ်းများ ကျွံကျခြင်းစသည့် ပျက်စီးယိုယွင်းမှုများကြောင့် တစ်နေရာမှ တစ်နေရာသို့ ကူးလူးသွားလာရန် အခက်အခဲများ ဖြစ်ပေါ်လေ့ရှိသည်။  ထိုအချိန်မျိုးတွင် ကုန်စည်စီးဆင်းမှု နှေးကွေးသွားသဖြင့် ကုန်ဈေးနှုန်းများ တက်လာလေ့ရှိသည်။ ထိုသို့သော အခြေအနေမျိုးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ပရဟိတအဖွဲ့အစည်းများ၊ အလှူရှင်များ၊ ပြည်သူများနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။  ရေဘေးသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကိုလည်း ကူညီထောက်ပံ့ ဖြည့်ဆည်းဖြေရှင်းပေးလေ့လည်းရှိသည်။

အထူးဂရုစိုက်သင့်

ထို့ပြင်  မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်လာပြီဆိုလျှင် ရေဘေးသင့်ပြည်သူများ အနေဖြင့်  ရေမြုပ်နေသော အိမ်များတွင်စင်ထိုး၍ မနေသင့်ချေ။ ထိုသို့နေထိုင်မည်ဆိုလျှင် ညဘက်တွင် မြွေဆိုးအန္တရာယ်ကြောက်ရသည်။  ထို့ပြင်နေ့စဉ် စားဝတ်နေရေး အတွက်လည်း အဆင်ပြေမည်မဟုတ်ချေ။ အထူးသဖြင့် ရေနစ်မြုပ်နေသော ဒေသများတွင် အိမ်သာစနစ် မရှိတော့ချေ။ ထို့ကြောင့် မသန့်ရှင်းသော ရေများကို သောက်သုံးလျှင် နောက်ဆက်တွဲဝမ်းရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားနိုင်ပေသည်။  ထို့ပြင် ရေမြုပ်နေသောနေရာသည် လျှပ်စစ်အန္တရာယ်ကိုလည်း စိုးရိမ်ရပေသည်။ ထို့ကြောင့် ရေဘေးသင့်ပြည်သူများသည် ရေဘေးရှောင်စခန်းများသို့ သွားရောက် ခိုလှုံသင့်သည်။ ထိုနေရာများတွင် စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးအတွက် စိတ်ချရပေသည်။

မိုးရာသီတွင် ရေလွှမ်းမိုးသဖြင့် လမ်း၊ တံတားများ ပျက်စီးခြင်း၊ နေအိမ်များ ပျက်စီးခြင်း၊ စာသင်ကျောင်းနှင့် ဆေးရုံများရေနစ်မြုပ်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သေကျေပျက်စီးခြင်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင်  စပါးခင်းများ အပါအဝင်  စိုက်ပျိုးထားသော ကောက်ပဲသီးနှံစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးသွားပြီ ဖြစ်သည်။ ရေလုပ်သားများ အနေဖြင့်လည်း ငါးဖမ်းလှေများ၊ ပိုက်ကွန်များ ဆုံးရှုံးရလေ့ရှိသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကြီးမားလှပေသည်။ ရေကျသွားချိန်တွင် ကျေးလက်နေတောင်သူများကို မျိုးစေ့နှင့် ပျိုးပင်ပေါက်များ ထောက်ပံ့ခြင်း အပါအဝင် စိုက်ပျိုးစရိတ်များ ထုတ်ပေးသည်လည်း ရှိသည်။ ထို့ပြင် ရေလုပ်သားများကိုလည်း လှေနှင့်ပိုက်ကွန်များ အပါအဝင်လုပ်ငန်း အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးသည်။ထိုသို့ပြုလုပ်ပေးခြင်းဖြင့် လက်လုပ် လက်စားပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲမရှိ ပြန်လည် ရပ်တည်နိုင်မည်ဖြစ်သည်။

ဝိုင်းဝန်းကူညီပေးစေလို

 မျက်မှောက်ကမ္ဘာကြီးတွင် ဂေဟစနစ် ယိုယွင်းပျက်စီးလာမှုကြောင့် သဘာဝ ဘေးအန္တရာယ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့်  မြန်မာနိုင်ငံတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့အစည်းများသည်   သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ နိုင်ငံတကာတွင်လည်း ထိုသို့ဘေးအန္တရာယ် ဖြစ်ပေါ်လျှင် တပ်မတော်သားများသည် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရလေ့ရှိသည်။

ထို့ပြင်ငွေကြေးတတ်နိုင်သည့် ပြည်သူများအနေဖြင့် လုပ်အားဖြင့် ကူညီနိုင်ခြင်း မရှိသည့်တိုင်အောင် လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့်  အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် အကူအညီများ ပေးနိုင်သည်။ အရေးပေါ် အကူအညီ လိုအပ်နေသူများကို လိုအပ်သည့် ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်းသည် မင်္ဂလာတစ်ပါးပင် မဟုတ်ပါလား။  တချို့သောပြည်သူများသည်  ပိုင်ဆိုင်မှုအားလုံး ရေနှင့်အတူပါသွားကြပြီဖြစ်သည်။ ရေပြန်လည်ကျသွားချိန်တွင် ရေဘေးသင့် ပြည်သူများသည် ဘဝကိုအသစ်မှ ပြန်စကြရဦးမည်ဖြစ်သည်။           

COVID-19 ကာလတွင် ရေဘေးအန္တရာယ်ကိုလည်း သတိပြုစေလို

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါဖြစ်ပွားလျက်ရှိသည်မှာ  အချိန်ရှစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ တချို့သော နိုင်ငံများသည် ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ တချို့ သောနိုင်ငံများသည် ဒုတိယလှိုင်းတွင် အလူးအလဲ ခံစားနေကြရသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်သူများ၏ စုပေါင်းအားဖြင့် ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ဒုတိယလှိုင်းအတွက် အသင့်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ COVID-19 ရောဂါဖြစ်ပွားနေချိန်တွင် ရေဘေးအန္တရာယ် ကြုံတွေ့ရမည်ဆိုလျှင် ရောဂါကူးစက်မှုနှုန်း မြင့်တက်နိုင်သဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သော အစီအမံများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ အထူးသဖြင့် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများကိုကြိုတင် လုပ်ဆောင်ထားသင့်ပေသည်။

ထို့ကြောင့် မိုးတွင်းကာလ၌ ရေဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်သည့် အချိန်မျိုးတွင် ဘေးအန္တရာယ်သင့် ပြည်သူများကို အားပေးနှစ်သိမ့်ခြင်း၊ ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်သွားရန် လိုအပ်သည်။  စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း အလှူငွေများ၊  ထောက်ပံ့ရေးပစ္စည်းများ  လှူဒါန်းထောက်ပံ့ပေးနိုင်သည်။  ဆိုရလျှင်  မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးရာသီ ရောက်ရှိလျှင်  ရေကြီးရေလျှံမှု အပအဝင် သဘာဝဘေးအန္တရာယ် မျိုးစုံကိုကြုံတွေ့ ခံစားရလေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသရှိပြည်သူများသည်  မိုးတွင်းကာလတွင် ရေဘေးအန္တရာယ်ကို ခါးစည်းခံစားရလေ့ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသား ညီအစ်ကိုများ အနေဖြင့် COVID-19 ကာလတွင် ရေဘေးအန္တရာယ်ကိုလည်းကြိုတင် သတိပြုကျော်လွှား သွားနိုင်ပါစေကြောင်း  ဆန္ဒပြု သွားလိုပါသည်။  ။

မောင်သောင်းဝင်း (တမန်ဟောင်း)