အဆုံးသတ်အားနည်းမှုကြောင့် ဟံသာဝတီ ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခြင်းဖြစ်ကြောင်း နည်းပြချုပ် ဦးတင်မောင်ထွန်း သုံးသပ်

ရန်ကုန်မြို့၌  သြဂုတ်  ၂၆  ရက်က ယှဉ်ပြိုင်ကစားသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း တို့၏ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက် အသင်းက  ဟံသာဝတီယူနိုက်တက် အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့် အပိုင်ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း   အဆုံးသတ်အားနည်းမှုကြောင့်  ဟံသာဝတီယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အခွင့်အရေး တွေရခဲ့ပါတယ်။ အဆုံးသတ်တွေကောင်းခဲ့ရင် ဂိုးတွေပြန်ရပြီး ရလဒ်ပြောင်းခဲ့မှာပါ။  ဟံသာဝတီယူနိုက်တက် အသင်းကလည်း  ကစားတာကောင်းပါတယ်” ဟု   ရန်ကုန် ယူနိုက်တက် အသင်းနည်းပြချုပ်   ဦးတင်မောင်ထွန်းက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် အီမန်နျူရယ်က ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်း အတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ဟိန်းထက်အောင်၊   ဒေါ်နယ်ဘစ်ဆာနှင့်  အီမီကာတို့က သွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို မောင်မောင်လွင်၏ ပေးပို့မှု မှတစ်ဆင့် အီမန်နျူရယ်က ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပြီး  ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ဟံသာဝတီ ယူနိုက်တက်အသင်းကို  ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်ဖက်အသင်း လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုးကို  ပွဲချိန် မိနစ်  ၅၀ တွင် ဟိန်းထက်အောင်က သွင်းယူပေးပြီး  ခုနစ်မိနစ်အကြာတွင်   ဟံသာဝတီယူနိုက်တက်အသင်းက ဦးဆောင်ဂိုးထပ်မံ ရရှိခဲ့ကာ ဒေါ်နယ်ဘစ်ဆာက သွင်းယူပေးခဲ့သည်။

ဟံသာဝတီယူနိုက်တက် အသင်းအတွက် တတိယမြောက်ဂိုးကို အီမီကာက ပွဲချိန် မိနစ် ၈၀ တွင် သွင်းယူရာ ပွဲပြီးဆုံးချိန်တွင် ဟံသာဝတီယူနိုက်တက် အသင်းက ရန်ကုန် ယူနိုက်တက်အသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။                    ကိုရဲ