ဝိုင်းမော်မြို့နယ်ရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၇

ကချင်ပြည်နယ်၊   ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ အနီးရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၂၆ ရက် ညနေ ၄  နာရီခန့်တွင်  ဆဒုံးမြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ ဒိန်လုတ်(ဘ)ဦးယော် ဒိန်နှင့် ငါစူးဇော်ခွန်(ဘ) ဦးငါစူးဂျာခါးတို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးရာ ဒိန်လုတ်ထံမှ ဘိန်းစိမ်း ၆၀၀ ဂရမ်နှင့် ငါစူးဇော်ခွန်ထံမှ ဘိန်းစိမ်း ၁၄၇၀ ဂရမ် (စုစုပေါင်းမူးယစ် ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ် ၃၁ သိန်း ကျော်) ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ  ဖမ်းဆီးရမိသူများအား ဝိုင်းမော်မြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း    သတင်းရရှိသည်။