UAE   နှင့် အစ္စရေး သဘောတူညီချက်နောက်ကွယ်က လက်နက်ရောင်းချ လိုနေသည့် အမေရိကန်

၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၃ ရက်က သမိုင်းဝင် အစ္စရေးနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) တို့ ပုံမှန်သံတမန် ဆက်ဆံရေး စတင်ရန် တရားဝင်ဖြစ်လာခဲ့သည်။

အပြန်အလှန် သဘောတူညီချက်အနေဖြင့် အစ္စရေးက  အနောက်ဘက် ကမ်းရိုးတန်းရှိ အိမ်ရာစီမံကိန်းကို ရပ်တန့် ပေးရမည် ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေး၊ စီးပွားရေး ထဲထဲဝင်ဝင်ဆက်ဆံမည် ဆိုသည့်    အပြုသဘောဆောင်သော သဘောတူညီချက်များ ပါဝင်ခဲ့သည်။

ထို့ကြောင့်   အမေရိကန်၌   ဒေါ်နယ်ထရမ့်လက်ထက် အာရပ်နှင့်ဂျူးတို့ သမိုင်းဝင်ငြိမ်းချမ်းရေး မှတ်တိုင်တစ်ခု   စိုက်ထူ ပေးနိုင်ခဲ့ပြီး အဓိက အကောင်အထည်ဖော် ပေးခဲ့သူက     ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ    အကြီးတန်းအကြံပေးအရာရှိ ရေးကူရှ်နာဖြစ်သည်။ သို့သော် ထိုသဘောတူညီချက်များ နောက်ကွယ်၌     များပြားသော သဘောတူညီချက်များ ကိုယ်စီရှိနေသည်။

ကူရှ်နာက အစ္စရေးနှင့့်ဗန တို့နှစ်ဦး သဘောတူညီချက်မှ  အစ္စရေးတို့  ကန့်ကွက်ချက် မပါဘဲ စစ်လက်နက်ပစ္စည်းများ ကို   ရောင်းချလိုခြင်း ဖြစ်ပြီး  ဒေါ်နယ်ထရမ့်က   ၎င်း၏ လုပ်ရည်ကိုင်ရည်များကို   လူသိရှင်ကြား ချပြလိုသူဖြစ်သည်။ ကူရှ်နာအတွက် ထိုနှစ်နိုင်ငံသဘောတူညီချက်က    အရှေ့အလယ်ပိုင်းဒေသသို့ တရားဝင်လက်နက် ရောင်းချခွင့်အတွက် လမ်းစပွင့်သွားခဲ့သည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်  ထင်ထားသလောက်  ထိုအရေးက အဆင်မပြေခဲ့ပေ။

အမေရိကန် ဥပဒေပြုရေး အမတ်များက အရှေ့အလယ်ပိုင်းဒေသ လက်နက်ရောင်းချခွင့်ကို ပိတ်ပင်ထားသကဲ့သို့ အစ္စရေးကိုလည်း  ပြင်းထန်စွာ ကန့်ကွက်လာသည်။ ထို့ကြောင့်  ကူရှ်နာအတွက်  ခိုင်လုံသော အကြောင်းပြချက် နောက်တစ်မျိုး ထပ်ပေးရန်  လိုလာပြန်သည်။  ထုံးစံအတိုင်းပင် အီရန်ကို ၎င်းလိုချင်သည့် ပုံစံအတိုင်း ဖြစ်လာရန် ဆွဲထည့်ရတော့သည်။

လက်ရှိ ဗိုင်းရပ်ကာလထဲ၌ပင် အီရန်စစ်ရေးလှုပ်ရှားမှုများက လျော့ကျမသွား သကဲ့သို့   စစ်ဘက်အတွက်  လူသစ်စုဆောင်းမှုများကိုပင်   အလုံးအရင်းဖြင့် လုပ်ဆောင်လာခဲ့သည်။ ဆီးရီးယားထဲရှိ လက်နက်ထုတ်လုပ်ရေး စက်ရုံများနှင့် ဒုံးစခန်းများသို့လည်း    ရန်ပုံငွေများအလုံးအရင်း ထောက်ပံ့နေသကဲ့သို့   ယူရေနီယံ သန့်စင်မှုများ ကိုလည်း တိုးမြှင့်လုပ်ဆောင်လာသည်။

ထို့ပြင်    အမေရိကန်လေယာဉ်တင် သင်္ဘောတု ပုံစံပြုလုပ်ပြီး စစ်ရေးလေ့ကျင့်မှုများကအစ    ဟော်မုဇ်ရေလက်ကြား ခြိမ်းခြောက်မှုများက စိုးရိမ်စရာဖြစ်လာသည့် အတွက်  UAE သို့သာ ခေတ်အမီဆုံး စစ်လက်နက်များ ရောင်းချလိုက်လျှင် အရှေ့အလယ်ပိုင်းဒေသ အီရန်ခြိမ်းခြောက်မှုကို ပိုမိုထိန်းချုပ်ထားနိုင်သကဲ့သို့  အစ္စရေးတို့လည်း ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွား မည်ဆိုသော အသံများ ပြောင်းထွက်လာ ရတော့သည်။

ကူရှ်နာ၏စကားလုံးများကို ကနဦးတွင် ထရမ့်နားမဝင်ခဲ့သော်လည်း  နောက်ပိုင်းတွင်  ၎င်း၏ပုဂ္ဂိုလ်ရေးအရ  အမြင်မကြည်သည့်   အီရန်အရေးပါလာသည့်အတွက်  တစ်စတစ်စ နားဝင်စပြုလာကာ ရှေ့တစ်ပတ်က UAE သို့  လက်နက်ရောင်းချရေးကို ၎င်းကိုယ်တိုင်တွန်း အားပေးလာခဲ့သည်။ သို့သော် ထရမ့်ခက်ခဲစွာ ကျော်ဖြတ်ရမည်က     ဒီမိုကရက်တစ်တို့ ကြီးစိုးသော     အောက်လွှတ်တော်ဖြစ်သည်။

အောက်လွှတ်တော်ဥပဒေပြု အမတ်များက၂၀၁၇ ခုနှစ်တွင် ဆော်ဒီနှင့့် UAE တို့ ယီမင်နှင့် လစ်ဗျားရှိ  အရပ်သားများစွာ သေဆုံးသည်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသ ယင်းနှစ်နိုင်ငံ လက်နက်ရောင်းချမှုများကို ပိတ်ထား ကာ ခေတ်အမီဆုံး လက်နက်များ ရောင်းချလိုလျှင်    လွှတ်တော်အတည်ပြုချက်ကို ရယူရမည်ဟု ဥပဒေချမှတ်ခဲ့သည်။

ထိုအထဲမှ အဓိကတားမြစ်ထားသည့် စစ်လက်နက်များက အမေရိကန်၏နောက်ဆုံးမျိုးဆက် F35  ဂျက်တိုက် လေယာဉ်များ နှင့်  Raptor   မောင်းသူမဲ့လေယာဉ်များ ပါဝင်သည်။  တစ်စင်းလျှင်  အမေရိကန်ဒေါ်လာ သန်းရာချီ တန်ကြေးရှိသော ယင်းစစ်လက်နက်ပစ္စည်းများသာ   ဆော်ဒီနှင့့် UAE တို့ လက်ထဲရောက်သွားလျှင်  ဒီမို ကရက်တစ် တို့က    အရပ်သားထိခိုက် သေဆုံးမှုများစွာ မြင့်တက်လာမည်ဟု ယုံကြည်ထားသည်။

ယခုအချိန်ထိ ထိုနှစ်နိုင်ငံသို့ လက်နက်ရောင်းချခွင့်ကို  အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးထားကာ UAE ဖြစ်လာတော့ ယခု ပိုမိုစဉ်းစားစရာ ဖြစ်လာသည်။ ယီမင်ပြည်တွင်းစစ်၌ ဆော်ဒီထက်ပင်  မြေပြင်တပ်ဖွဲ့များကို လေ့ကျင့်သင်ကြား ပေးနေသူ UAE ဖြစ်ပြီး ယီမင်တောင်ပိုင်းခွဲထွက် ရေးတပ်ဖွဲ့များကို      အဓိကလက်နက် ထောက်ပံ့ပေးနေသူလည်း ဖြစ်သည်။

နေ့စဉ်   လေကြောင်းဗုံးကြဲမှုများကို ဆော်ဒီတို့နှင့်အပြိုင် UAE က အမေရိကန်လုပ် F16  များ၊   ပြင်သစ်လုပ် Mirage 2000 စူပါဆောနစ်ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ ဗုံးကြဲနေပြီး ဆော်ဒီထက် UAE ခြေတစ်လှမ်း ပိုသာသည့် အချက်က လစ်ဗျားကောင်းကင်ယံကိုပင်  ဂျက်တိုက်လေယာဉ်များနှင့် ကင်းလှည့်လေယာဉ်များ အသုံးပြုပြီး ပြည်တွင်းစစ် နောက်တစ်ခုထဲ ဝင်ရောက်နေခြင်း ဖြစ်သည်။

သို့ဖြစ်၍   အရှေ့အလယ်ပိုင်းဒေသ ဘုရင်အဖြစ် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်၏နေရာကို UAE  အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာရတ်က လွှဲပြောင်းရယူလာကာ ကိုယ်ပိုင်ခေတ် အမီဆုံး စစ်လက်နက်များ ထုတ်လုပ်နိုင်ရန်အထိ    ရည်မှန်းချက်ကြီးမားသူ ဖြစ်သည်။ ထိုအချိန်တွင်  ဆော်ဒီတို့ကတော့  စစ်လက်နက်ပစ္စည်း ဘီလီယံနှင့်ချီ ဝယ်ယူနေဆဲဖြစ်ကာ   ပြည်တွင်းစစ်လက်နက်ထုတ်လုပ်သည့်နေရာအထိ မရောက်သေးပေ။

UAE ကတော့ အမေရိကန်နှင့်ပေါင်း၍ နည်းပညာဖလှယ်ပြီး အကောင်းဆုံးစစ်လက်နက်များ ထုတ်လုပ်နိုင်ရန်  ကြိုးစားနေကာ လက်ရှိ UAE တို့ အမေရိကန်၏ F35 ဂျက်တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ တန်ဖိုး ရှစ်ဘီလီယံ ကျော်အထိ ဝယ်ယူရန်  ကြိုးစားနေသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ကွန်ဂရက်က ယင်းအဆိုပြုချက်ကို ထောက်ခံပေးရန် တွန်းအားပေးနေကာ  နောက်ခြောက်နှစ်ကြာ  လက်နက်ရောင်းချမှုမှ ရရှိလာမည့် အမေရိကန်အကျိုးအမြတ်က  ဘီလီယံဆယ်ချီအထိ မျှော်လင့်ရနိုင်သောကြောင့်ဖြစ်သည်။

သို့သော်  ယခုအချိန်ထိ   ထိုအဆိုပြုချက်များကို အမေရိကန်အောက်လွှတ်တော်က ဆိုင်းငံ့ထားဆဲဖြစ်ကာ ထရမ့်သာမက ၎င်း၏ အကြံပေးနှင့် သမက်ဖြစ်သူ ကူရှ်နာအတွက်ကတော့   ၂၀၂၀  အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ UAE သို့ လက်နက်ရောင်းချခွင့်ရှိ၊ မရှိမှာ မရေရာ မသေချာဖြစ်နေရပြီ ဖြစ်ပါကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။     ။

ရှိန်းထက်

Ref;CNN