အင်ဒို-ပစိဖိတ်ဒေသမှ နိုင်ငံငယ်တွေ အထူးသတိထား စောင့်ကြည့်ရတော့မယ့် တရုတ်-အမေရိကန် စစ်ရေးတင်းမာမှု

အခုရက်ပိုင်းအတွင်း   အမေရိကန်စစ်ဘက်က တောင်တရုတ်ပင်လယ်ထဲမှာ လှုပ်ရှားမှုခြေလှမ်းစိတ် လာပါတယ်။ တရုတ်ဘက်ကလည်း တစ်ချက်ကလေးမှ အတင်စီးမခံပါဘူး။

မကြာသေးခင်ကပဲ တရုတ်စစ်ဘက်က စစ်ရေးလေ့ကျင့်မှုလုပ်နေလို့   သတ်မှတ်ထားတဲ့ လေယာဉ်မပျံသန်းရ နယ်မြေထဲကို အမေရိကန်ထောက်လှမ်းရေးလေယာဉ်တွေ ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ထောက်လှမ်းရေးလေယာဉ်တွေ ဝင်ရောက်တဲ့နေရာဟာ နိုင်ငံတကာဝေဟင်ပိုင်နက်မှာ ဖြစ်တယ်လို့ အမေရိကန်ဘက်က ငြင်းချက်ထုတ်ထားပါတယ်။

နောက်တော့    တရုတ်စစ်ဘက်က တောင်တရုတ်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်လေးစင်း ပစ်လွှတ်လိုက်ပါတော့တယ်။ ဒါဟာ တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုရဲ့ နောက်ဆုံးအခြေအနေပါပဲ။

အခုလိုနောက်ဆုံးအခြေအနေမရောက်ခင် အဲဒီကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေးကို  ဘယ်လိုအခြေအနေတွေက အလှမ်းကွာဝေးသွားစေတာလဲ ဆိုတာကို တင်ပြလိုပါတယ်။

သူတို့နှစ်နိုင်ငံကြား ဆက်ဆံရေးအခြေအနေက နဂိုကတည်းကလိပ်ခဲတည်းလည်း အခြေအနေပါ။   အခုနောက်ပိုင်းမှာမှ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက်မှာ ယိုယွင်းလာတယ်ဆိုရင်လည်း မမှားပါဘူး။

အခုလိုမျိုးစစ်ရေးအရ တင်းမာမှုတွေ ဖြစ်လာစေဖို့ကိုတော့ ဇူလိုင် ၄ ရက်မှာ အမေရိကန်လေယာဉ်တင် သင်္ဘောတွေရဲ့ လှုပ်ရှားမှုနဲ့အတူ   အမေရိကန်ဘက်က စတင်လိုက်တာပါ။

လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်တွေဖြစ်တဲ့ နီမစ်နဲ့ ရော်နယ်ရေဂင်တို့ဟာ တောင်တရုတ်ပင်လယ်ထဲကိုရောက်လာပြီး တရုတ်ရေတပ်နဲ့အပြိုင်  ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာပါတယ်။

အဲဒီအချိန် ဇူလိုင် ၁ ရက်ကနေ ၅ ရက်အတွင်းမှာ တရုတ်ရေတပ်က   ပါရာဆဲကျွန်းစုအနီးမှာ စစ်ရေးလေ့ကျင့်နေတာပါ။ အမေရိကန်ဘက်က အဲဒီအပေါ်ကို တုံ့ပြန်တဲ့အနေနဲ့ လေယာဉ်တင်သင်္ဘောနှစ်စင်းပေါင်း တိုက်ခိုက်မှုစစ်ရေး လေ့ကျင့်ခန်းတွေကို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်မှာတော့ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တင်ဖျက်သင်္ဘောဖြစ်တဲ့ရဲ့ ဂျွန်ဆင်က တောင်တရုတ်ပင်လယ်ထဲ မှာရှိတဲ့    စပရတ်လေကျွန်းစု အနီးကို ဝင်ရောက်လာပါတယ်။

အဲဒီကျွန်းစုဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ ကျွန်းတုတွေနဲ့ ဆက်စပ်နေတဲ့  ကျွန်းစုတစ်ခုပါ။

ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက    တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောထားတဲ့နေရာ အားလုံးနီးပါးကို အမေရိကန်အိမ်ဖြူတော်က လက်မခံကြောင်း ပြောပြီးနောက် မကြာမီမှာပဲ ဖျက်သင်္ဘောက တောင်တရုတ်ပင်လယ်ထဲကို  ဝင်လာတာဖြစ်ပါတယ်။

နီမစ်နဲ့ရော်နယ်ရေဂင် လေယာဉ်တင်သင်္ဘော  တိုက်ခိုက်ရေးအုပ်နှစ်အုပ်ဟာ သူတို့ရဲ့ဒုတိယအကြိမ် ပူးပေါင်းတိုက်ခိုက် မှုစစ်ရေး လေ့ကျင့်ခန်းကို ဇူလိုင် ၂၁ ရက်မှာ ဆက်လုပ်ပါတယ်။

လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရေး ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကတိကို အားဖြည့်ပေးတဲ့အနေနဲ့   အခုလိုစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တာလို့ အမေရိကန်ရေတပ်က ပြောပါတယ်။

အဲဒီနောက်မှာတော့   လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေး အုပ်တစ်အုပ်ဖြစ်တဲ့ ရော်နယ်ရေဂင်ဟာ သြစတြေးလျ၊ ဂျပန် တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး    ဖိလစ်ပိုင်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်ပြန်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်ခန်းကိုတော့ ဂျပန်က ဖျက်သင်္ဘောတစ်စင်းစေလွှတ်ပြီး  သြစတြေးလျဘက်က ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောနှစ်စင်း ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်စစ်ဘက်ကလည်း တောင်တရုတ်ပင်လယ်၊   အရှေ့တရုတ်ပင်လယ်နဲ့   ပင်လယ်ဝါတို့ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေကို   တစ်ပြိုင်နက်တည်း လုပ်တာတွေ့ရပါတယ်။

ရော်နယ်ရေဂင်လေယာဉ်တင်သင်္ဘောအုပ်ဟာ အတက်ကြွဆုံးလို့ ပြောရလောက်အောင်ပင်   နောက်ထပ်စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို သြဂုတ် ၁ ရက်က ဂျပန်နိုင်ငံမြောက်ပိုင်းကမ်းရိုးတန်း အလွန်မှာ လုပ်ခဲ့ပါသေးတယ်။

အဲဒီစစ်ရေး လေ့ကျင့်ခန်းမှာတော့ ဂျပန်နိုင်ငံမှာအခြေပြုနေတဲ့      အမေရိကန် ရေတပ်နဲ့ လေတပ်ဆွယ်တွေ ပါဝင်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်ခန်းမှာ အဓိကလေ့ကျင့်တာက ဝေဟင်စီးချင်းထိုးစစ်ဆင်ရေးတွေ၊ တိုက်ပွဲဝင်ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့်မှုတွေနဲ့    လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။

ပြီးနောက်မကြာခင်မှာပဲ အမေရိကန် ကျန်းမာရေးဝန်ကြီး   အဲလက်အဇာက သြဂုတ် ၁၀ ရက်မှာ တရုတ်(တိုင်ပေ)ကို သွားခဲ့ပါတယ်။ အမေရိကန်ဝန်ကြီးတစ်ဦးက အခုလိုအချိန်မှာ တရုတ်(တိုင်ပေ)ကို သွားမှုဟာ တရုတ်နိုင်ငံအတွက်တော့ ဘယ်လိုမှ သည်းမခံနိုင်တဲ့ကိစ္စပါ။

ဒါကြောင့်  တရုတ်စစ်ဘက်က  တိုက်လေယာဉ်နှစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အလယ်အစပ်နားကို    အင်အားပြလာရောက် ပျံသန်းသွားပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်တပ်မတော်ဟာ ထိုင်ဝမ်ရေလက်ကြားထဲမှာ ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေး လေ့ကျင့်မှုတွေကို လုပ်ပါတယ်။ ဒီလိုလုပ်ရတာဟာ  နိုင်ငံရဲ့ အချုပ်အခြာအာဏာကို     ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်ဆိုပြီး တရုတ်ဘက်က ပြောပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်   ရော်နယ်ရေဂင်ဟာ သြဂုတ် ၁၄ ရက်မှာ ဂျပန်ကမ်းလွန်ကနေ တောင်တရုတ်ပင်လယ်ထဲကို ပြန်လာပြီး လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ပါတယ်။

အဲဒီအချိန်ကနေစပြီး အခုနောက်ပိုင်းအထိမှာတော့ တရုတ်ဘက်က ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်လာတာကို တွေ့ရမှာပါ။

သြဂုတ် ၁၆ ရက်မှာ တရုတ်တပ်မတော်က ဗီဒီယိုတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဗီဒီယိုမှာတော့ ဟောင်ကောင်အခြေစိုက် စစ်ရေယာဉ်တစ်စင်းက  တောင်တရုတ်ပင်လယ်ထဲ အမြောက်တွေ၊ တော်ပီဒိုတွေ ပစ်ထုတ်လိုက်တာကို ပြသထားပါတယ်။

ရော်နယ်ရေဂင်အုပ်မှ   စစ်ရေယာဉ်မက်စတင်က သြဂုတ် ၁၈ ရက်မှာ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းပြီးချိန်မှာတော့ တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်း တာဝန်ရှိသူတွေက သမိုင်းမှာ မကြုံစဖူးထူးခြားတဲ့ သတိပေးချက်တွေကို  ထုတ်ပြန်လိုက်ပါတယ်။

အဲဒီသတိပေးချက်တွေကတော့ စစ်ဘက်က တောင်တရုတ်ပင်လယ်၊   ပင်လယ်ဝါနဲ့ ဘိုဟိုင်းပင်လယ်ကွေ့တို့ မှာရှိတဲ့    နေရာပေါင်းစုံမှာ   စစ်ရေးလေ့ကျင့်ခန်းတွေကို တစ်ပြိုင်နက်တည်း လုပ်သွားမယ် ဆိုတာပါပဲ။

ပြောထားတဲ့အတိုင်းပဲ တရုတ်တပ်မတော်ဟာ နောက်တစ်နေ့ သြဂုတ် ၂၂ ရက်မှာ လီယန်ယူကန်းမြို့ အလွန်မှာရှိတဲ့ ပင်လယ်ဝါထဲမှာ ငါးရက်ကြာ စစ်ရေးလေ့ကျင့်ခန်းကို စတင်လိုက်ပါတယ်။

တရုတ်ရေတပ်ကတော့ သြဂုတ် ၂၄ ရက်မှာ ဟိုင်နန်ပြည်နယ်အလွန် တောင်တရုတ်ပင်လယ်ရဲ့ နေရာနှစ်ခုမှာ ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေးလေ့ကျင့် ပါတယ်။ တစ်ချိန်တည်းမှာပဲ ပင်လယ်ဝါထဲမှာလည်း စစ်ရေး လေ့ကျင့်ပြန်ပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့ကလည်း ဘိုဟိုင်းပင်လယ်ရဲ့    ဟီဘေးကမ်းရိုးတန်းမှာ လေ့ကျင့်မှုတွေကို လုပ်ပါတယ်။ သူတို့ရဲ့ လေ့ကျင့်မှုက စက်တင်ဘာလမှပြီးမှာပါ။

တရုတ်တပ်မတော်အနေနဲ့ အခုလိုနေရာပေါင်းစုံမှာ စစ်ရေးလေ့ကျင့်မှုတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ခြင်းဟာ သမိုင်းမှာ မရှိသလောက်ပါပဲ။

ဒါဟာဘာကို ပြသနေလဲဆိုရင် တရုတ်တပ်မတော်တစ်ရပ်လုံး အနေနဲ့ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်နေတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် အမေရိကန်အနေနဲ့ အခုလို အခြေအနေမှာ ခဏလောက် ငြိမ်နေလိုက်ရမှာပါ။   ဒါပေမဲ့လည်း  တရုတ်လေယာဉ်တင်သင်္ဘော တစ်စင်းလုံးပါဝင်ပြီး ကျည်စစ်ကျည်မှန် အသုံးပြု    စစ်ရေးလေ့ကျင့်ခန်းလုပ်ရာ ဘိုဟိုင်းပင်လယ်ထဲကို အမေရိကန်က သြဂုတ် ၂၆ ရက်မှာ U-2 ကင်းထောက်လေယာဉ်တစ်စင်း အပါအဝင် ထောက်လှမ်းရေးလေယာဉ်တွေကို စေလွှတ်လိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့  တရုတ်ဘက်က အချိန်မဆိုင်းတော့ပါဘူး။ သြဂုတ် ၂၇ ရက်မှာ   တောင်တရုတ်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်လေးစင်း ပစ်လွှတ်လိုက်ပါတယ်။

ဒုံးကျည်တွေကျသွားတဲ့ နေရာက ဟိုင်နန်ပြည်နယ်နဲ့  ပါရာဆဲကျွန်းစုကြားထဲကိုပါ။

အဲဒီဒုံးကျည်တွေထဲမှာ ကမ္ဘာ့ပထမဆုံးလို့ ဆိုရလောက်တဲ့ သင်္ဘောဖျက် တစ်နည်းအားဖြင့်    လေယာဉ်တင်သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်တွေဖြစ်တဲ့    DF-21D နဲ့ DF-26B လည်း ပါဝင်ပါတယ်။

အဲဒီဒုံးကျည်တွေဟာ အမေရိကန်နဲ့မဟာမိတ်တွေအသုံးပြုတဲ့     Aegis  လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်စွမ်းရှိကာ DF-21D က ကီလိုမီတာ ၁၈၀၀ ဝန်းကျင်နဲ့ DF-26B က ကီလိုမီတာ ၄၀၀၀ ဝန်းကျင် ပျံသန်းတိုက်ခိုက်နိုင်ပါတယ်။

အထက်ပါ အခြေအနေတွေအားလုံးကတော့ တရုတ်နဲ့အမေရိကန်တို့ကြားမှာရှိတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို  ပွင့်အံထွက်လာစေတဲ့အခြေအနေတွေ   ဖြစ်ပါတယ်။

တရုတ်ရဲ့   နောက်ဆုံးလက်တုံ့ပြန်မှုကြောင့် အမေရိကန်ဘက်က အင်ဒို-ပစိဖိတ်ဒေသမှာ နောက်ထပ်ဒုံးကျည် စနစ်တွေကို ဖြန့်ကြက်လာနိုင်ပြီး  တရုတ်အပေါ်  ပိုမိုရန်လိုလာနိုင်တယ်လို့  လေ့လာသူတွေက သုံးသပ်ထားပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူကာ အမေရိကန်ဘက်က အသုံးချလာတာကတော့     အင်ဒို-ပစိဖိတ်ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန်ဘက်ကနေ ပါဝင်ပြီး   ဝိုင်းဝန်းထောက်ခံပေးဖို့ ကာကွယ်ရေးဝန်ကြီး မာ့အက်စပါက တောင်းဆိုလာခြင်းပါပဲ။

အခုဆိုရင် တောင်တရုတ်ပင်လယ်ပြင်ကြီးဟာ   တရုတ်နဲ့  အမေရိကန်တို့ကြားအားပြိုင်ရာ    စစ်တလင်းတစ်ခုအသွင်သို့ အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။

လတ်တလော အခြေအနေမှာတော့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ   စစ်ပွဲကြီးဖြစ်ပွားဖို့ဆိုတာ  ဆံချည်မျှင် တစ်ချောင်း စာသာရှိ ပါတော့တယ်။

တစ်ဖက်ဖက်က အတွက်အချက်မှားပြီး တုံ့ပြန်လိုက်မယ်ဆိုရင်   မလိုလားအပ်တဲ့စစ်ပွဲကြီး ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးဘက်မှာဆိုရင်လည်း    တရုတ်ကုမ္ပဏီတွေကို အမေရိကန်က   အရေးယူပိတ်ဆို့ထားပါတယ်။

ဒီအတွက်ကြောင့် အခုဖြစ်နေတဲ့ တင်းမာမှုကို   နိုင်ငံရေးနည်းနဲ့  ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

နိဂုံးချုပ်အနေနဲ့  သုံးသပ်ရမယ်ဆိုရင်တော့  တရုတ်နဲ့ အမေရိကန်တို့ကြားက တင်းမာမှုဟာ အခုထက်ပိုပြီး တင်းမာလာဖို့ သာ လမ်းစများနေပါတယ်။

ဒီအခြေအနေမှာ အကောင်းဆုံးဆိုတာ ဖြစ်လာဖို့ သိပ်မလွယ်ပေမယ့် အဆိုးဆုံးဆိုတာကတော့ အချိန်မရွေး ဖြစ်သွားနိုင်တာကြောင့် အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ အထူးသတိထား စောင့်ကြည့်ပြီး  ကြိုတင်ပြင်ဆင်ထားမှသာ တော်ကာကျမယ့်အနေအထား ဖြစ်နေပါတယ်။

Ref: The Straits Times, SCMP