ငှက်ပျောသီးများ အရောင်းအဝယ် အေးသည့်အတွက် ပွဲစားများ အခက်တွေ့

မန္တလေးတိုင်းဒေသကြီး      အမရပူရမြို့နယ် အင်းဝဒေသတို့၌ ဖီးကြမ်းငှက်ပျောများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်   နတ်ပွဲများ    မကျင်းပနိုင်သည့်အတွက် ငှက်ပျောပွဲစားများ   အခက်တွေ့လျက်ရှိကြောင်း သိရသည်။

ငှက်ပျောစိုက်တောင်သူများ အနေဖြင့် ငှက်ပျောပွဲစားများကို   စာချုပ်ချုပ်လေ့ရှိသည်။ ယခုနှစ် ငှက်ပျောစာချုပ်တွင် ဒေသအခေါ် လှည်းတစ်စီး(ငှက်ပျောအခိုင် ၄ဝ ပါ)လျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် စာချုပ်ကာ ဝယ်ယူထားသော်လည်း  လက်ရှိကာလ နတ်ပွဲများ မကျင်းပနိုင်သည့်အတွက် ငှက်ပျောဈေးကွက် အေးနေကြောင်း၊ ငှက်ပျောပွဲစားများမှာ ငှက်ပျောများကို ဒိုင်သွင်းရာတွင် ယခင်က ငှက်ပျောဆိုင်ကယ် သုံးစီးဝယ်ယူရာမှ ယခုအခါ ငှက်ပျောဆိုင်ကယ် တစ်စီးသာ ယူတော့ကြောင်း၊ လက်ရှိ ငှက်ပျောဒိုင်သွင်းဈေးမှာ ဖီးကြမ်းတစ်ဖီးလျှင် ငွေကျပ် ၈၅ဝ   ဖြင့်    ဒိုင်သွင်းရကြောင်း    ငှက်ပျောပွဲစား ကိုပေါက်စီထံမှ သိရသည်။

ငှက်ပျောသည်    မြေတစ်ဧကလျှင် ငှက်ပျော ၇ဝဝ  ခန့်စိုက်နိုင်ပြီး   လက်ရှိကာလ ပေါက်ဈေးအရ  ငှက်ပျောလှည်းတစ်စီး အခိုင် ၄ဝ ကို   ငွေကျပ် ၁၈ဝဝဝဝ မှ ၂၁ဝဝဝဝ နှုန်းဖြင့် ရောင်းချရကြောင်း၊ တစ်ဧက ငှက်ပျောလှည်း ၁၅ စီး၊ ၁၆ စီးထွက်ပြီး တန်ဖိုးငွေကျပ်သိန်း ၃ဝ ကျော်ရကြောင်း၊ ယခုနှစ်တွင် နတ်ပွဲများ မကျင်းပနိုင်သည့်အတွက်   ငှက်ပျောပွဲစားများအခက်တွေ့နေကြောင်း သိရသည်။