COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အာဟာရနှင့် အစားအသောက်ဆိုင်ရာ အကြံပြုချက်များ

၂ဝ၁၉ ခုနှစ်တွင် ဒီဇင်ဘာလမှ စတင်ဖြစ်ပေါ်ခဲ့သော Corona Virus  ရောဂါသည် ယခုအခါ ကမ္ဘာ့ကပ်ရောဂါအဖြစ် လူသားအားလုံးကို   ခြိမ်းခြောက်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေစုစုပေါင်း ၂၁၃ ခုရှိ လူဦးရေ ၂၄ သန်းကျော်ကို  ကူးစက်ခံခဲ့ရပြီး  ပြန်လည်ကောင်းမွန်လာသူ ၁၆ သန်းကျော်နှင့် သေဆုံးသူ ရှစ်သိန်းကျော်အထိ  ရှိခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံ အများစုသည် COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အတွက် Quarantine  များပြုလုပ်ခြင်း၊ Lockdownများပြုလုပ်ခြင်း၊ အလုပ်များ၊ ကျောင်းများ ယာယီပိတ်၍ Stay at home, Work from home  စသည့်  နည်းလမ်းများကို  ကျင့်သုံးခြင်းကြောင့် လူသားတို့၏   နေ့စဉ်လှုပ်ရှား သွားလာမှုများနှင့် အစားအစာ စားသုံးမှု အလေ့အထများအပေါ် အကျိုးသက်ရောက်မှုများစွာ  ဖြစ်ပေါ်စေခဲ့ပါသည်။

COVID-19 ရောဂါအတွက် ကာကွယ်နိုင်သော အစားအစာများနှင့် ဆေးဝါးများ မပေါ်ပေါက်သေးပါ။ သို့ရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်းကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါဝင်ရောက်မှုကို ခံနိုင်ရည်ရှိစေပါသည်။ ထို့ကြောင့်  COVID-19 ရောဂါကာလအတွင်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးရန် အလွန်အရေးကြီးပါသည်။ COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခန္ဓာကိုယ် ကျန်းမာရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

လတ်ဆတ်သန့်ရှင်းသော အစားအစာများကို နေ့စဉ် စားသုံးပါ။ ကြာရှည်ခံရန် စီမံထားခြင်း မရှိသော ဟင်းသီးဟင်းရွက်များ(ဥပမာ- ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဒန့်သလွန်ရွက်၊ မုန်ညင်းရွက်၊ ဟင်းနုနယ်ရွက်၊ ဘူးညွန့်၊ ပန်းဂေါ်ဖီ၊ ရွှေဖရုံသီး၊ ရှောက်သီး၊ သံပရာသီးစသည်)၊ လတ်ဆတ်သော သစ်သီးများ (ဥပမာ- ငှက်ပျောသီး၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ လိမ္မော်သီး၊ မာလကာသီး၊ ပန်းသီးစသည်)၊ အစေ့အဆန်များ (ဥပမာ- မြေပဲ၊ နှမ်း၊ နေကြာစေ့၊ ပဲအမျိုးမျိုးစသည်)၊ ဆန်နှင့် ကောက်နှံများ(ဥပမာ- ဂျုံ၊ ပြောင်းဖူး)၊ အသား၊ ငါး၊ ဥ အမျိုးမျိုးစသည်တို့ကို စားသုံးသင့်ပါသည်။

စားသုံးရာတွင် ဆန်နှင့် ကောက်နှံများ (ဥပမာ- ထမင်းပုံမှန်ပန်းကန်ပြားအရွယ် နှစ်ပန်းကန်)၊ ဟင်းသီးဟင်းရွက်မျိုးစုံ (အနည်းဆုံး  ဟင်းချိုပန်းကန်လုံး တစ်လုံး)၊ သစ်သီးမျိုးစုံ (အနည်းဆုံး သစ်သီးတစ်လုံး)၊ အသား၊ ငါး၊ ပဲ၊ ဥ တစ်မျိုးမျိုးစသည်တို့ကို နေ့စဉ်စားသုံးသင့်သည်။  အထူးသဖြင့်  တစ်ပတ်လျှင် အသား၊ ငါး၊ ပဲ၊ ဥ အမျိုးမျိုးတို့ ပါဝင်အောင် စုံလင်စွာ စားသုံးသင့်ပါသည်။ လူတစ်ဦး တစ်နေ့တာ လိုအပ်သော အသားဓာတ်(ပရိုတင်း)ကို အသား(၅ ကျပ်သား)၊ ငါး(၇ ကျပ်ခွဲသား)၊ ပဲ(၆ ကျပ်သား)နှင့် ကြက်ဥ (နှစ်လုံး) တို့တွင် တစ်မျိုးမျိုးအား စားသုံးခြင်းဖြင့် ရရှိနိုင်ပါသည်။

အဆာပြေစားသုံးရန်အတွက် အချိုကဲသော၊ အငန်ကဲသော၊ အဆီများသော အစားအစာများကို စားသုံးခြင်းထက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို ပိုမိုစားသုံးသင့်ပါသည်။ သို့ရာတွင် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ရာတွင် လွန်ကဲစွာ မချက်သင့်ပါ။  သို့မဟုတ်ပါက  ဟင်းသီးဟင်းရွက် များတွင် ပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များ လျော့နည်း ပျောက်ဆုံးသွားနိုင်ပါသည်။ ထို့ပြင် သစ်သီးဝလံများကို စားသုံးရာတွင်လည်း သကြား၊ ဆားနှင့် ဆေးသကြား စသည်တို့ ထပ်မံဖြည့်စွက်၍ စားသုံးခြင်းထက် သဘာဝအတိုင်း သစ်သီးဝလံများကို စားသုံးသင့်ပါသည်။

နေ့စဉ် ရေကိုလုံလောက်စွာ သောက်သုံးပါ။ ရေသည် လူသားတို့၏ အသက်ရှင် နေထိုင်ရေးအတွက် မရှိမဖြစ် အရေးပါပါသည်။ ခန္ဓာကိုယ်၏ အပူချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အညစ်အကြေးများကို ဖယ်ရှားပေးပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်၏ အရိုးအဆစ်များအကြားတွင် ချောဆီအဖြစ် အထောက်အကူပြုပြီး အရိုးဆစ်များ လှုပ်ရှားမှုကို သွက်လက်စေပါသည်။ ရေကို တစ်နေ့လျှင် ဖန်ခွက်ရှစ်ခွက်မှ ၁ဝ ခွက်ခန့် သို့မဟုတ် ၂ ဒသမ ၅ လီတာမှ ၃ လီတာအထိ သောက်သုံးရန် လိုအပ်ပါသည်။ ထို့ပြင် အရည်ရွှမ်းသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် လတ်ဆတ်သော သစ်သီး ဖျော်ရည်များ စားသုံးခြင်းဖြင့်လည်း ရေဓာတ်ကို ရရှိနိုင်ပါသည်။ သို့ရာတွင် ကဖိန်းဓာတ်များသော လက်ဖက်ရည်၊ ကော်ဖီ၊ အချိုများသော အသီးဖျော်ရည်များ၊ သကြားဓာတ်များသော အချိုရည်များ စသည်တို့ကို အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဉ်သင့်ပါသည်။ ၎င်းတို့ကို သောက်သုံးခြင်းထက် ရေကို သောက်သုံးခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

သင့်တင့်လျောက်ပတ်သော အဆီများကို စားသုံးပါ။ တိရစ္ဆာန်အသားများမှ ရရှိသော အဆီများ၊ ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီ၊ ထောပတ်နှင့် ဒိန်ခဲ စသည့် ကျန်းမာရေးနှင့် မညီညွတ်သော အဆီများ(ပြည့်ဝဆီ)ကို စားသုံးခြင်းထက် ငါးများတွင် ပါဝင်သော အဆီ၊ ငါးကြီးဆီ၊ သံလွင်ဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပြောင်းဖူးဆီ၊ ထောပတ်သီးနှင့် အစေ့အဆန်များ အစရှိသည့် ကျန်းမာရေးကို အထောက်အကူပြုသော အဆီများ (မပြည့်ဝဆီ)အား ပိုမို၍ စားသုံးသင့်ပါသည်။ အမဲသားကဲ့သို့သော အနီရောင်ရှိသော အသားများထက် အဆီပါဝင်မှုနည်းပါးသော ကြက်သား၊ ဘဲသား၊ ငန်းသားနှင့် ငါးများကို ပိုမို၍ စားသုံးသင့်ပါသည်။ ထို့ပြင် ကြာရှည်ခံစေရန် ပြုပြင်ထားသော အသားများတွင် အဆီနှင့် အငန်ပါဝင်မှု များသောကြောင့် စားသုံးမှုကို ရှောင်ကြဉ်သင့်ပါသည်။ ဖြစ်နိုင်လျှင် အဆီနည်းသော၊ အဆီထုတ်ထားသော နွားနို့နှင့် နို့ထွက်ပစ္စည်းများကိုသာ သောက်သုံးသင့်ပါသည်။ အထူးသဖြင့် အလွယ်တကူ စားသုံးနိုင်ရန် ပြုလုပ်ထားသော အစားအစာများ (Preserved Foods)) (ဥပမာ- အာလူးကြော်၊ ဆီကြော်မုန့်များ၊ ကွတ်ကီးများ၊ Fast food) စသည်တို့ကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

အချိုနှင့် အငန်ကို လျှော့စားပါ။ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် ဆားနှင့် ဆိုဒီယမ်ပါသော ဟင်းခတ်များ (ဥပမာ- ငါးငံပြာရည်၊ ပဲငံပြာရည်၊ ဟင်းချိုမှုန့်၊ အချိုမှုန့်)တို့ကို သင့်တင့်လျောက်ပတ်သော ပမာဏသာ ထည့်သင့်ပါသည်။ အငန်စားသုံးမှု အနေဖြင့် ဆားကို တစ်နေ့လျှင် ၅ ဂရမ် သို့မဟုတ် လက်ဖက်ရည် တစ်ဇွန်းထက် ပိုမစားသင့်ပါ။ ဖြစ်နိုင်ပါက အိုင်အိုဒင်းဆားကို စားသုံးပါ။ အငန်များသော အစားအစာများနှင့် အချိုများသော အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ပါ။ ဆားပါဝင်မှုများသော တာရှည်ခံစေရန် ပြုပြင်ထားသည့် အသား၊ ငါးများကို ရှောင်ကြဉ်ပါ။ အချိုပါဝင်မှု မြင့်မားသော အချိုရည်များ၊ အားဖြည့် အချိုရည်များ၊ ဆိုဒါရည်များ စသည်တို့ကို အကန့်အသတ်ဖြင့်သာ သောက်သုံးသင့်ပါသည်။ ကွတ်ကီး၊ ချောကလက်နှင့် ကိတ်မုန့်ကဲ့သို့သော အဆာပြေအစာများကို စားသုံးသည်ထက် သန့်ရှင်းလတ်ဆတ်သော အသီးများကို ပို၍စားသုံးသင့်ပါသည်။

အပြင်ထွက်၍ အစားအစာ စားသုံးခြင်း သို့မဟုတ် ပြင်ပဆိုင်များတွင် အစာစားသုံးခြင်းကို ရှောင်ကြဉ်ပါ။ အစားအစာများကို ပြင်ပဆိုင်များတွင် စားသုံးခြင်းထက် မိမိတို့အိမ်၌ပင် ကိုယ်တိုင်ချက်ပြုတ် စားသုံးသင့်ပါသည်။ သို့မှသာ လူအများနှင့် ထိတွေ့ဆက်ဆံမှုကို လျှော့ချနိုင်ပြီး COVID-19 ရောဂါကူးစက်ခံရ နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ စားသောက်ဆိုင်မှ ဝယ်ယူစားသုံးမည်ဆိုပါက လက်ဆွဲ (ပါဆယ်) ဝယ်ယူစားသုံးခြင်း၊ Food Delivery Service များမှ မှာယူစားသုံးခြင်း၊ Online မှ ဝယ်ယူစားသုံးခြင်း စသည့်နည်းလမ်းများဖြင့် ဝယ်ယူစားသုံးသင့်ပါသည်။ သို့ရာတွင် ဆိုင်တွင် မလွဲမရှောင်သာ စားသုံးမည်ဆိုပါက လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး ခြောက်ပေခွာရန်၊ စားပွဲ၊ ထိုင်ခုံ၊ ပန်းကန်နှင့် အစားအသောက်များ သန့်ရှင်းမှုကို သတိပြုရန်နှင့်  လက်ကိုစင်ကြယ်စွာ ဆေးကြောရန် အရေးကြီးပါသည်။

အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ အရက်သည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် မဟုတ်ပါ။ အရက်သောက်သုံးခြင်းကြောင့် COVID-19 ရောဂါကို မကာကွယ်နိုင်ပါ။

အရက်ကို အလွန်အကျွံ သောက်သုံးခြင်း၊ စွဲမြဲစွာ သောက်သုံးခြင်းကြောင့် မတော်တဆ ထိခိုက်မှုများဖြစ်ပွားနိုင်ပြီး ရေရှည်သောက်သုံးပါက အသည်းရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် စိတ်ကျန်းမာရေး ထိခိုက်ခြင်း စသည်တို့ဖြစ်ပွားစေနိုင်ပါသည်။

မွေးကင်းစကလေးများနှင့် ကလေးငယ်များအား မိခင်နို့တိုက်ကျွေးပါ။ မိခင်နို့ရည်သည် ကလေးငယ်များ အတွက် သန့်ရှင်းပြီး အဖိုးမဖြတ်နိုင်သော အစာအာဟာရဖြစ်ပါသည်။ မိခင်နို့ရည်တွင် ကလေးငယ်များအတွက် ရောဂါကာကွယ်ပေးနိုင်သော ပဋိပစ္စည်းများပါဝင်ပါသည်။ မွေးစမှ ခြောက်လအရွယ်အထိ ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်သင့်ပါသည်။ ခြောက်လကျော်မှသာ ဖြည့်စွက်အစာများ ကျွေးမွေးသင့်ပါသည်။   COVID-19 ရောဂါကူးစက်ခံရသော မိခင်များ အနေဖြင့် ၎င်းတို့၏ ကလေးငယ်များအား မိခင်နို့တိုက်ကျွေးလိုပါက ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ၍ တိုက်ကျွေးနိုင်ပါသည်။

COVID-19 ရောဂါသည်  သာမန်အားဖြင့် လူတစ်ဦးမှ တစ်ဦးသို့သာ ကူးစက်ပြန့်ပွားနိုင်ပါသည်။ အစားအစာများ စားသုံးမှုနှင့် ထုပ်ပိုးမှုများမှ တစ်ဆင့် ကူးစက်နိုင်သည့် အထောက်အထားများ မတွေ့ရှိရသေးပါ။ သို့ရာတွင် အစားအစာများ ပြင်ဆင်ချက်ပြုတ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများဖြစ်သည့် အစားအစာများ ထားသိုရာတွင် သန့်ရှင်းစွာထားခြင်း၊ ချက်ပြုတ်ပြီး အစားအစာများကို သီးသန့်ခွဲထားခြင်း၊ ကျက်အောင် ချက်ပြုတ်ခြင်း၊ အစားအစာများကို   စိတ်ချရသော အပူချိန်တွင် ထားသိုခြင်းနှင့် သန့်ရှင်းသော ရေကောင်းရေသန့်နှင့် အစားအသောက် ကုန်ကြမ်းများအား အသုံးပြုခြင်း စသည့် အချက်များကို ဂရုပြုလိုက်နာသင့်ပါသည်။

အချုပ်ဆိုရသော် သင့်တင့်လျောက်ပတ်သော အစာအာဟာရဓာတ်များနှင့် ရေဓာတ်များသည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အစာအာဟာရများ ဖြစ်ပါသည်။ Well- Balanced Diet ဟုခေါ်သော ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာများ  စားသုံးခြင်းဖြင့်  ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါကူးစက်မှုကို တားဆီးပေးပါသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အသားဓာတ်နှင့် အမျှင်ဓာတ်တို့ ရရှိစေရန် လတ်ဆတ်သန့်ရှင်းသော အစားအစာများကို နေ့စဉ်စားသုံးရန် လိုအပ်ပါသည်။ ထို့ပြင်  ရေကို  လုံလောက်စွာ သောက်သုံးခြင်း၊ သကြားနှင့် ဆား လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြင်ပဆိုင်များတွင် အစာစားခြင်းကို ရှောင်ကြဉ်ခြင်း၊  အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် COVID-19ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင် သွားနိုင်မည်ဖြစ်ပါသည်။    ။

ဒေါက်တာကျော်ခန့်(ကျန်းမာ)