ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၈
    
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာ၊ ကွန်ခမ်းဘုန်းတော်ကြီးကျောင်းနှင့် ကချင်နှစ်ချင်းခရစ်ယာန် အသင်းတော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မူလမင်းကွန်းကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့၊ ဈေးတန်းဘုန်းတော်ကြီးကျောင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မရမ်းတောင်အောင်သစ္စာ သာသနာ့ရိပ်သာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ ရှင်သီဝလိရဟန္တာမြတ် ခြေတော်ရာကျောင်း၊ ရွှေကျင်မြို့နယ်၊ ကွန်ဖဲကျေးရွာ၊ ဥတ္တရာ ရာမဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်မြို့၊ ရှားပင်ဇင်း ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် သာယာဝတီမြို့၊ ကျောင်းစု ရပ်ကွက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရပ်စောက်မြို့နယ်၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန်လျင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ ရွှေကျင်မြို့နယ်၊  ရွှေတောင်မြို့၊ သာယာဝတီမြို့နှင့် ပန်းတောင်းမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19   ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့် ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။