ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့  လူနာသစ်မရှိ

နေပြည်တော်  သြဂုတ်  ၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈နာရီနှင့် ည ၈နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုး တွေ့ လူနာသစ် မရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၃-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၄၅၈ ခု နှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ  ဓာတ်ခွဲနမူနာ ၁၄၄ ခု စုစုပေါင်း ၆ဝ၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိပါ။

(၃-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)( NHL) မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၈၃၃ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၈၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၄၉ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၄၄ ခု စုစုပေါင်း၁၃၁၄ ခုအား စစ်ဆေးခဲ့သည်။

(၄-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၂၈၁ခုနှင့် ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂ဝ၄ ခု စုစုပေါင်း ၄၈၅ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ သစ် မတွေ့ရှိရပါ။

(၄-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၅၅ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက် တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃ဝ၂ ဦး ရှိသည်။ ၎င်းတို့အနက် ၂၈၇ ဦးအား ဆေးရုံ မှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။

(၃-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၄-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာ အသစ်ကိုးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။