ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၄၁ ဦး ထပ်တိုး

နေပြည်တော်  သြဂုတ်  ၂၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ၉ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များအရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၄၁ ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ ၆၄၃ ဦး အထိရှိလာကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၂၇-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL) မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၅၆၄ ခု၊ ဆေးသုတေသန ဦးစီးဌာန(DMR)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ၂၅ ခုနှင့်  ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၃၂ ခုတို့တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၆ ဦး တွေ့ရှိရသည်။

(၂၇-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL)) မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၁၂၇ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၅၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၈၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၃၂ ခုနှင့်  နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၆ ခု စုစုပေါင်း ၁၉၇၆ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

(၂၈-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှပထမအသုတ် ဓာတ်ခွဲနမူနာ ၄၇ဝ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂၁ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၂၆၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ၁၈၈ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၉၄ ခု စုစုပေါင်း ၁၃၃၄ ခုအား ယနေ့ညတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅ ဦး တွေ့ရှိရသည်။

(၂၈-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံတွင်  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆၄၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၉  ဦးရှိသည်။  ၎င်းတို့အနက် ၃၃၉ ဦးအား ဆေးရုံမှဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ  သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲ   အတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။

(၂၇-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၂၈-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။