ရုရှားသုတေသန အဖွဲ့အပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှု ကမ္ဘာ့အလယ်တွင် အမေရိကန်ဆေးဝါး ကုမ္ပဏီများကို ဦးစားပေးလိုခြင်း ဖြစ်ဟုဆို

ကမ္ဘာ့ပထမဆုံး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အချိန်တိုအတွင်း ဖော်စပ်ထုတ်လုပ် မှတ်ပုံတင်နိုင်ခဲ့သည့်   ရုရှားသုတေသနအဖွဲ့ကို  အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုသည် ကမ္ဘာ့အလယ်တွင် အမေရိကန်ဆေးဝါး ကုမ္ပဏီများကိုသာ ဦးစားပေးလိုခြင်းဖြစ်သည်ဟု    ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက သြဂုတ် ၂၈ရက်တွင် ပြောသည်။

ကမ္ဘာ့ကပ်ရောဂါကို   တစ်ကမ္ဘာလုံး ပူးပေါင်းတိုက်ဖျက်နေချိန်တွင် အမေရိကန်၏ လုပ်ရပ်ကမှန်ကန်သည်ဟု မယူဆကြောင်း၊ အရေးကြီးသော အချက်မှာ သဘောထား မကွဲလွဲရန်ဖြစ်ကြောင်း  ၎င်းကဆက်ပြောသည်။

ရုရှားသုတေသနအဖွဲ့များသည် ဇီဝနှင့်ဓာတုလက်နက်များ  ထုတ်လုပ်နေသည် ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန် အစိုးရက သြဂုတ် ၂၆ ရက်တွင် ရုရှားသုတေသနအဖွဲ့ငါးဖွဲ့ကို အရေးယူပိတ်ဆို့မှု ချမှတ်ခြင်းဖြစ်သည်။

ထိုသုတေသနအဖွဲ့များတွင်  ကမ္ဘာ့ပထမဆုံး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်နိုင်သည့်  ရုရှားကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၄၈)ဗဟို သိပ္ပံသုတေသန အဖွဲ့လည်း ပါဝင်သည်။

အမေရိကန်၏ လုပ်ရပ်သည် အရေးယူပိတ်ဆို့မှုကို စွဲလမ်းသည့်ရောဂါဖြစ်ကြောင်း၊ ယခုစွပ်စွဲမှုသည်လည်း အခြေအမြစ်မရှိသော စွပ်စွဲမှုဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သြဂုတ် ၂၇ ရက်တွင်  ပြောထားကြောင်း သိရသည်။