ပီရူးနိုင်ငံက ဗိုင်းရပ်ကူးစက်မှုကြောင့် ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်လာ

ပီရူးနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်လာကြောင်း သိရသည်။

ပီရူးနိုင်ငံ၌ သြဂုတ် ၂၇ ရက်တွင် ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၅၃ ဦးရှိသည့်အတွက်  သေဆုံးသူ စုစုပေါင်း ၂၈၂၇၇ ဦးအထိမြင့်တက်လာကြောင်း၊ ထိုပမာဏသည် နိုင်ငံရှိလူဦးရေနှင့် တွက်ချက်ပါက လူတစ်သိန်းလျှင် ၈၆ ဦးကျော် သေဆုံးနေကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်သည်။

လူဦးရေ ၃၃ သန်းရှိသော  ထိုနိုင်ငံ၌ ဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်များကြောင့် ဒုတိယသုံးလပတ်တွင်  ကမ္ဘာ့အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့ရကြောင်း   အစိုးရက ထုတ်ပြန်ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင် ပီရူးနိုင်ငံသည် ပထမဆုံးဗိုင်းရပ် ကူးစက်ခံရသူကို တွေ့ရှိပြီးနောက် ငါးလကျော်အကြာတွင်  ကမ္ဘာပေါ်၌ ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု အဆိုးဆုံးနိုင်ငံလည်း ဖြစ်လာသည်။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု   ဆိုးဝါးသည့် အတွက် လူဦးရေ ၁၂ သန်းရှိသည့် လီမာမြို့မှ ပြည်သူလေးပုံ တစ်ပုံမှာ ဗိုင်းရပ်ကူး စက်ခံထားရဖွယ်ရှိကြောင်း   အစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် ဗိုင်းရပ်ကြောင့် အမှန်တကယ် သေဆုံးသူစာရင်းသည်   တရားဝင် ထုတ်ပြန်ချက်ထက် နှစ်ဆနီးပါးရှိနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။