ဘက်လိုက်မှုမရှိ ဓမ္မဓိဋ္ဌာန်ကျကျဖော်ပြသင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (/၂၀၂၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ ထိုပွဲတွင် သတင်း ထောက်တစ်ဦးက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စာသင်ကျောင်းများနှင့် အဆောက်အအုံများကို ဖျက်ဆီးနေမှုများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေမှုများသည် အကြမ်းဖက် လုပ်ရပ်များ ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ပြုစုထားမှုများရှိပါက သိလိုကြောင်း မေးမြန်းခဲ့သည်။

သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က NLD  ပါတီဝင်များ၊ NLD  ပါတီထောက်ခံသူ အစွန်းရောက်များက ရာဇဝတ်မှုအဖြစ် ကျူးလွန်ခဲ့သော အဖျက်လုပ်ငန်းများရှိကြောင်း၊ ထိုအဖျက်လုပ်ငန်းများကို ဇယားဖြင့် ဆွဲထားမှုရှိကြောင်း၊ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူစာရင်းများ ရှိကြောင်း၊ အကြမ်းဖျင်း ပြောနိုင်သည်မှာ စာသင်

ကျောင်း ၁၉၈ ကျောင်းကို မိုင်းထောင်ခြင်း၊ စာသင်ကျောင်း ၅၀ ကို မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူ ၁၇၃ ဦး သတ်ဖြတ်ခံရခြင်းများ ရှိကြောင်း ဖြေဆိုခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသော အခြေအနေမှန်ဖြစ်သည်။

စာသင်ကျောင်းများကို ပြန်ဖွင့်ခြင်းသည် တိုင်းပြည်အနာဂတ်နှင့် လူငယ်တို့၏ ဘဝတိုးတက် မြင့်မားရေးအတွက် ဖြစ်သည်။ ထိုသို့စာသင်ကျောင်းများ ပြန်ဖွင့်သည်ကို မလိုလားသူအဖျက်သမားများက အကြမ်းဖက်နည်းလမ်းပေါင်းစုံ သုံးကာ ဖျက်ဆီးလျက်ရှိသည်။ တပ်မတော်အနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြစ်မဲ့ပြည်သူများ ဘေးကင်းလုံခြုံရေး၊ ဥပဒေအာဏာသက်ဝင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် တည်ဆဲဥပဒေဘောင် အတွင်းမှ အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါသည်။ အင်အားသုံးရန် လိုအပ်ပါကလည်း မိမိကိုယ်မိမိ ခုခံကာကွယ်ရန်နှင့်အနည်းဆုံးအင်အား အမြင့်ဆုံး ထိန်းချုပ်မှုဖြင့် ကိုင်တွယ်ဆောင်ရွက်လျက် ရှိပါသည်။

NLD  ပါတီဝင်များ၊ NLD ပါတီထောက်ခံသူ အစွန်းရောက်များက ရာဇဝတ်မှုအဖြစ် ကျူးလွန်ပြီးတိုင်း ထိုအဖျက်လုပ်ရပ်များကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ကပင် လုပ်ခြင်းဖြစ်ကြောင်း မဟုတ်မမှန် ဝါဒဖြန့်သည်။ သတင်းစာ ရှင်းလင်းပွဲတွင် ဖမ်းဆီးရမိသူ အချို့၏ ထွက်ဆိုချက်များကို ထုတ်လွှင့်ပြသပေးသည်။ သူတို့၏ နောင်တစကားများကိုကြားရသည်။ MMA  လက်ဝှေ့သမား ဖိုးသော်ခေါ် သော်ထူးနိုင်က သူ့အသက်ကို တပ်မတော်က ကယ်ထားခြင်း ဖြစ်ကြောင်းကို အမှန်အတိုင်း ပြောဆိုထားသည်။ တပ်မတော်ကသာ ဆေးကုမပေးလျှင် သူအသက်ရှင်စရာ မရှိကြောင်း ပြောဆိုထားသည်ကို မြင်တွေ့ကြသည်။

အဖျက်သမားတို့က အဖျက်လုပ်ရပ်များ လုပ်ကိုင်ကြောင်း ဤမျှထင်ထင်ရှားရှား ပြောနေပါလျက် ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Ms.Michelle Bachelet က မြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ ၁၁--၂၀၂၁ ရက်နေ့က သတင်းတစ်ရပ်ထုတ်ပြန်ချက်တွင် စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် ဘာသာရေးကျောင်းများ၊ ပြည်သူများ၏ အိုးအိမ်များကို တပ်မတော်မှ အသုံးပြုသည် ဆိုသည့်ပုံစံမျိုးဖြင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန် ဖော်ပြထားပါသည်။ သို့သော် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်နှင့် အကြမ်းဖက်မှုများကို ဖော်ပြခြင်းနှင့် ရှုတ်ချခြင်းအလျှင်းမရှိသလို လုံခြုံရေးတပ်ဖွဲ့များ၏ အသက်ဆုံးရှုံးမှုကိုလည်း ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

ကျောင်းများတိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်းပြီး မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော အမျိုးသားညီညွတ်ရေး အစိုးရနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆိုသူတို့ကို ထောက်ခံကြသူများသည် ဆရာ၊ ဆရာမများနှင့် အခြားသော အစိုးရဝန်ထမ်းများအား နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခြင်း မရှိစေရန် ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ စသည့်ပြစ်မှုများကို ကျူးလွန်သကဲ့သို့ ပညာရေးဝန်ထမ်းများ အပါအဝင် အုပ်ချုပ်ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် နိုင်ငံအားလုံး၏ လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် အခွင့်အာဏာ ပေးအပ်ထားပြီး ယင်းသို့ဆောင်ရွက်ရာတွင် ဘက်လိုက်မှု မရှိဘဲ မျှတစွာ တာဝန်ထမ်းဆောင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၁၉၉၄ ခုနှစ် ဇန်နဝါရီ ရက် တွင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အမှတ် ၄၈/၁၄၁ တွင် ဖော်ပြထားရာ သူမအနေဖြင့် အဆိုပါ လုပ်ကိုင်ခွင့်နှင့်အညီ နိုင်ငံများ၏ အရေးကိစ္စများကို ပြောကြားရာတွင် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျစွာ ဖော်ပြရန် လိုအပ်ပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Ms.Michelle Bachelet ၏ ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ သတင်းအမှန်ကိုသာ ဘက်လိုက်မှုမရှိ ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြသင့်ပါကြောင်း ရေးသား လိုက်ရပေသည်။