စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမအကြိမ်အဖြစ် အင်း  ၁ ခုကို ရောင်းချပေးပြီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်း ၂၄၉  ခုရှိရာ ယခုဘဏ္ဍာနှစ် ငါးဖမ်းရာသီ အတွက် ပထမအကြိမ်အဖြစ် အင်း ၈၁ ခုကို   ရောင်းချပေးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး   ငါးလုပ်ငန်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း ဦး၏ပြောဆိုချက်အရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၌ ပထမအကြိမ် အင်းရောင်းချမှုအနေဖြင့်   ကလေးခရိုင်အတွင်း အင်း ၄၀၊  စစ်ကိုင်းခရိုင်အတွင်း ၂၃ ခု၊ ရွှေဘိုခရိုင်အတွင်း ခုနစ်ခု၊ မုံရွာ ခရိုင်အတွင်း တစ်ခု၊  တမူးခရိုင်အတွင်း သုံးခု၊ ခန္တီးခရိုင်အတွင်း နှစ်ခု၊ မော်လိုက် ခရိုင်အတွင်း ငါးခု စုစုပေါင်း အင်း ၈၁ ခုကို ရောင်းချပေးထားခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း  ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးမျိုးပြုန်းတီးမှုကို  ကာကွယ်တားဆီး စောင့်ရှောက်ရေး၊ ရေချိုငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းဒေသကြီး ဘဏ္ဍာငွေအတွက်   ရသင့်ရထိုက်သော အခွန်အခများရရှိစေရေး၊ ငါးလုပ်ငန်းများ ကို  ဥပဒေနှင့်အညီ  စီမံခန့်ခွဲပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်နိုင်စေရေး၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ငါး သယံဇာတများကို   ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့များ စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေး စသည့်ရည်ရွယ်ချက် များဖြင့် တိုင်းဒေသကြီးအတွင်း၌ရှိသော   အင်းများကို ရောင်းချပေးခြင်းဖြစ်ကာ ယခု အချိန်ထိ  အင်းနှင့်တင်ဒါ  ငါးဖမ်းကွက်  အတော်များများကို  ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရောင်းချ ပေးပြီးဖြစ်သော အင်း ၈၁ ခုကို မေ ၂၇ ရက်မှ  ဇွန် ၁၀ ရက်အထိ  သက်ဆိုင်ရာ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးများ၌  ရောင်းချပေးခြင်းဖြစ်ပြီး  ကျန်ရှိသော အင်းများကိုလည်း   ဒုတိယအကြိမ်  ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း  သိရသည်။