မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၁၈

 

            တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

            ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန်လ ၁၇ ရက်နေ့ ၆ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးခင်မောင်ဦး(၄၅)နှစ် (ဘ)ဦးသောင်းငွေသည် အဆိုပါရပ်ကွက်ရှိ ကံလျှိုတံတားအနီးနေ ဖခင်ဖြစ်သူ၏ နေအိမ်ရှေ့၌ တစ်ဦးတည်းထိုင်နေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးခင်မောင်ဦးတွင် ဝဲပါး၊ ပုခုံး ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ခဲ့ရာ ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ တစ်ရပ်ကွက်တည်းနေ ဇေယျာထွန်း(၃၇)နှစ် (ဘ)ဦးလှရွှင်နှင့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးရှိနေသည့် ဦးခင်မောင်ဦး၏ညီဖြစ်သူ ဦးခင်မောင်ဝင်း၏ ပြောပြချက်အရ သိရှိရပြီး ဒဏ်ရာရရှိသူအား ဆေးဝါးကုသနိုင်ရေး ကန့်ဘလူမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်၊

 

            အလားတူ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊ စစ်ကိုင်းလမ်း၊ ဖူဂျီစတိုးဆိုင်အနီး၌ ချမ်း/တောင်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းသည် တစ်ရပ်ကွက်တည်းနေ ကိုဟိန်းဇော်ဦး (၃၀)နှစ် (ဘ)ဦးမောင်တိုး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် နေအိမ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ နောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးကျော်စိန်တွင် ဝဲလက်ပြင်အောက် ကျည်ဖောက်ဝင်/ထွက် ဒဏ်ရာရရှိခဲ့၍ ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားပြီး အဆိုပါနေရာမှ ၉ မမကျည်ခွံ ၁ ခု၊ ကျည်ထိပ်ဖူး ၁၊ ၉ မမကျည် ၂ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

            အလားတူ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၉၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး မြတ်ကိုကိုအောင်သည် ယာဉ်လမ်းကြောင်းရှင်းလင်း ရေးတာဝန်ဆောင်ရွက်ရန် တာဝန်ကျရာနေရာသို့ ဗိုလ်ချုပ်လမ်းမအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာ လာစဉ် အမှတ်(၁၉)ရပ်ကွက်၊ ရတနာမိုးလမ်း၊ ဒဏ္ဍာရီလက်ဖက်ရည်ဆိုင်အနီးအရောက်၌ အနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

          အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်း ရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။