မီးလောင်ဗုံးပါပူဖောင်းများလွှတ်တင်သည့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

ပါလက်စတိုင်းနယ်မြေဖြစ်သော ဂါဇာကမ်းမြောင်ဒေသမှ   စစ်သွေးကြွများက မီးလောင်ဗုံးများပါသောပူဖောင်းများကို  အစ္စရေးနိုင်ငံတောင်ပိုင်းသို့ လွှတ်တင်ပြီးနောက် ဇွန် ၁၇ ရက်ညပိုင်းတွင် အစ္စရေးတိုက်လေယာဉ်များက     ထိုဒေသကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်အတွင်း ဂါဇာကမ်းမြောင်ဘက်က   မီးလောင်ဗုံးပါပူဖောင်းများကို အစ္စရေးပိုင်နက်အတွင်းသို့ စေလွှတ်ကြောင်း၊ ၎င်းကို တုံ့ပြန်သည့်အနေဖြင့်    အစ္စရေးတိုက်လေယာဉ်များက ဟားမက်စစ်သွေးကြွအဖွဲ့ပိုင်ဆိုင်သော    စစ်စခန်းများနှင့် ဒုံးကျည်ပစ်လွှတ်ရေး နေရာတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ထားသည်။

အစ္စရေးက လေကြောင်းမှတိုက်ခိုက်ပြီးနောက် ဟားမက်စစ်သွေးကြွများက အစ္စရေးပိုင်နက်အတွင်းသို့ စက်သေနတ်ကြီးများဖြင့် ပစ်ခတ်ကြောင်းနှင့် အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ဥသြ ဆွဲကြောင်း သတင်းထောက်များက သတင်းပေးပို့ထားသည်။

ဂါဇာကမ်းမြောင်ဘက်က  ထိုသို့သော ပူဖောင်းများလွှတ်တင်နေသည်မှာ သုံးရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း  ထိုပူဖောင်းများကြောင့်  မီးလောင်မှုများကို  ငြှိမ်းသတ်နေရသည့် မီးသတ်သမားများက ပြောသည်။

ဟားမက်စစ်သွေးကြွများသည် ဂါဇာကမ်းမြောင်ပတ်ဝန်းကျင်ရှိ လယ်ယာမြေများနှင့်   ချုံပုတ်များကိုမီးလောင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါပူဖောင်းများကို အသုံးပြုလေ့ရှိကြောင်းသိရသည်။

Ref: TST