သတင်းထုတ်ပြန်ချက်

နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်စေသည့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုမျိုးကို လက်ခံမည်မဟုတ်

 

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၁၈-၆-၂၀၂၁ ရက်နေ့တွင် ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးသို့ လီချင်စတိန်းနိုင်ငံမှ တင်သွင်းသည့် “The Situation in Myanmar” အမည်ရှိ အဆို မူကြမ်းအပေါ် မဲခွဲဆုံးဖြတ်ခဲ့ပါသည်။

 

ယင်းအဆိုသည် တစ်ဖက်သတ် ပုံဖော်စွပ်စွဲချက်များနှင့် မှားယွင်းသည့် ယူဆချက်များ ကို အဓိက အခြေခံထားပြီး၊ မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ ထပ်တလဲလဲ အရေးယူသည့် လုပ်ရပ်ဖြစ်သည့်အတွက်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအပေါ် မျှတမှုမရှိဘဲ ဉီးတည်အရေးယူ သည့် အဆိုဖြစ်သည့်အတွက်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ယင်းအဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးအရေးယူမှုများကို ကန့်ကွက်ပယ်ချပါသည်။ ယင်းသို့ ကန့်ကွက် ပယ်ချ ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိတို့ထံ ကန့်ကွက်စာများ ပေးပို့ခဲ့ပါသည်။

 

အဆိုပါအစည်းအဝေးသို့ ၂၇-၂-၂၀၂၁ နံနက်ပိုင်းမှစ၍ ရာထူးမှ ထုတ်ပယ်ကာ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားသည့် ယခင် နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်းမှ မြန်မာနိုင်ငံအမည်ခံဖြင့် ပါဝင်မိန့်ခွန်း ပြောကြားခဲ့ ခြင်းနှင့် ပါဝင်မဲပေးခြင်းများသည် မြန်မာနိုင်ငံအား ကိုယ်စားပြုမှု မရှိသကဲ့သို့၊ တရားဝင်မှု လည်းမရှိပါ။ သို့ဖြစ်ရာ ၎င်း၏ဆွေးနွေးပြောကြားမှုများ အပါအဝင် မဲပေးဆောင်ရွက်ခြင်း များအား မြန်မာနိုင်ငံအနေဖြင့် လက်မခံပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက် ကြောင်း ဖော်ပြအပ်ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောအကြံပြုချက်များကို အလေးထားသော်လည်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း အပါအဝင် မည်သည့် ကြိုးပမ်းမှုမျိုးမဆို လက်ခံလိမ့်မည်မဟုတ်ပါ။

 

မြန်မာနိုင်ငံသည် မိမိချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်ပြီး၊ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်။