စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ယာဉ်တန်းအား နယ်မြေခံ အကြမ်းဖက်အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇွန် ၁၉

   

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ယာဉ်တန်းအား နယ်မြေခံ PDF အကြမ်းဖက်အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

   

ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ခင်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ခင်ဦးမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မြင်းဒေါင်းကျေးရွာနှင့် သာဂရကျေးရွာကြားရှိ မမဲတူတံတား၊ တံတားအမှတ်(၂/၁၁)၊ မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံ ကြားအရောက်တွင် PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၅ ဦးခန့်မှ လုံခြုံရေး ယာဉ်တန်းအား လက်နက်မျိုးစုံဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

   

ထိတွေ့မှုဖြစ်စဉ်တွင်  PDF  အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သူ  အမျိုးသား ၂ ဦးသေဆုံးကာ အကြမ်းဖက်သူ အမျိုးသား ၅ ဦးအား တူမီးသေနတ် ၅ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ နေရာအနီးဝန်းကျင် လမ်းဘေးဝဲယာတွင် မိုင်း ၁၀ လုံးခန့်ထောင်ထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မိုင်းရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

   

အဆိုပါဖြစ်စဉ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်သည့် PDF အကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေးလွတ်မြောက် လျက်ရှိသူများအား ဖမ်းဆီးရမိနိုင်ရေး လိုအပ်သော ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။