မြန်မာယူ၂၃ အသင်း တိုက်စစ်မှူးဟောင်း အောင်ကောင်းမာန် ထိုင်းလိဂ်-၂ ကလပ်လမ်ပန် အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

ထိုင်းလိဂ်-၁ ကလပ် ထရက်အသင်း၌ ကစားနေသည့် မြန်မာယူ-၂၃ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သြဂုတ် ၂၉ ရက်က ပြောင်းရွှေ့ခဲ့သည်။

အောင်ကောင်းမာန်သည် ထရက်အသင်းနှင့် ယခုနှစ်ဘောလုံးရာသီကုန်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လမ်ပန်အသင်းက ကမ်းလှမ်းခဲ့သဖြင့် အသင်းတာဝန်ရှိသူချင်း ညှိနှိုင်းကာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏အေးဂျင့် ဦးရဲနိုင်ဝင်းကပြောသည်။

''လမ်ပန်အသင်းနည်းပြနဲ့CEO ကိုယ်တိုင်က အောင်ကောင်းမာန်ကို ကမ်းလှမ်းခဲ့တာပါ။ ဒါကြောင့် သူတို့အသင်းတာဝန်ရှိသူချင်း ညှိနှိုင်းပြီး လမ်ပန်အသင်းကို တစ်ရာသီအငှားချပေးခဲ့တာပါ။ အောင်ကောင်းမာန်ရဲ့ မိခင်ကလပ်ဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းကိုလည်း အကြောင်းကြားပြီးပါပြီ။  အသင်းရဲ့ လစာကတော့ မပြောင်းလဲပေမယ့် လမ်ပန်အသင်းမှာ ဂိုးသွင်းနိုင်ရင် ဒါမှမဟုတ် ဂိုးဖန်တီးနိုင်ရင် အပိုဆုကြေးပေးမယ်လို့ စာချုပ်မှာ ပါပါတယ်။ ၁ဝ ဂိုးသွင်းနိုင်ရင် ဘတ်ငါးသောင်း အပိုဆုရမှာပါ” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

အောင်ကောင်းမာန်သည် လမ်ပန်အသင်း၌ ကျောနံပါတ် (၁၃) ဝတ်ဆင်ကစားမည်ဖြစ်ပြီး လမ်ပန်အသင်းနှင့်အတူ ထိုင်းလိဂ်-၁ သို့ တန်းတက်နိုင်ရန် အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း အောင်ကောင်းမာန်က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အသက် ၂၁ နှစ်အရွယ်အောင်ကောင်းမာန်သည် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းမှ ယခုနှစ်ဇန်နဝါရီလက ထိုင်းလိဂ်-၁ ကလပ်ထရက်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကာ လစာ ဘတ်တစ်သိန်း (ငွေကျပ် ၄၃ သိန်းကျော်) ရရှိခဲ့သည်။

ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသည ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ပွဲစဉ် လေးပွဲကစားပြီး တစ်ပွဲနိုင်၊ သုံးပွဲရှုံး ရမှတ် သုံးမှတ်ဖြင့် ဇယားအဆင့် (၁၄ ) နေရာ၌ ရပ်တည်နေသည်။

ကိုရဲ