Elite Tour 8 Ball တတိယဇုန်ပြိုင်ပွဲ၌ ဘုန်းမြင့်ကျော် ပူးတွဲတတိယဖြင့်သာ ကျေနပ်ခဲ့ရ

Elite Tour 8 Ball တတိယဇုန်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော်သည် အကြိုဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်သော်လည်း ယင်းအဆင့်တွင် ပြိုင်ဘက်ကစားသမားကို ရှုံးနိမ့်ခဲ့သည်အတွက် တိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

သြဂုတ် ၂၉ ရက်က တရုတ်နိုင်ငံချောင်ရန်မြို့၌ ကျင်းပသည့် ယင်းပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင် ဘုန်းမြင့်ကျော်သည် တရုတ်ကစားသမား ယန်ဂန်းနမ်နှင့်အကြိတ်အနယ်ယှဉ်ပြိုင်ပြီး (၁၅-၁၇) ပွဲဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲနှင့် လွဲချော်ကာ ပူးတွဲတတိယသာရရှိခဲ့ခြင်း ဖြစ်သည်။

Elite Tour တတိယဇုန်ပြိုင်ပွဲကို သြဂုတ် ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပလျက်ရှိပြီး ဘုန်းမြင့်ကျော်သည် အဆင့်သတ်မှတ်ချက်အရ  ၃၂ ဦး ရှုံးထွက်အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။

ဘုန်းမြင့်ကျော်သည် ၃၂ ဦး ရှုံးထွက်အဆင့်တွင် (၁၅-၉) ပွဲ၊ ၁၆ ဦး ရှုံးထွက်အဆင့် ရှုံးထွက်တွင့်(၁၅-၁၄)ပွဲ၊ ကွာတားဖိုင်နယ်အဆင့်တွင် (၁၅-၆) ပွဲတို့ဖြင့် ပြိုင်ဘက်များကို အသီးသီးအနိုင်ရပြီး အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အကြိုဗိုလ်လုပွဲတွင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သည့်အတွက် ယန်ဂန်းနမ်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းကို ဘုန်းမြင့်ကျော်က''အကြိုဗိုလ်လုပွဲမှာ (၁၅-၁၇) ပွဲနဲ့ ရှုံးသွားပါတယ်။ အရေးကြီးချိန်မှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ပါ။ တတိယလုပွဲတော့ မကစားရတော့ပါဘူး။ တတိယဆုကို ပူးတွဲပေးလို့ပါ။ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်''ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ Elite Tour 8 Ball  ရှုံးထွက်ပြိုင်ပွဲကို ဇုန်အလိုက် လေးခုခွဲ၍ ကျင်းပနေပြီး ဇုန်အလိုက် ပြိုင်ပွဲများကို ဇွန်၊ ဇူလိုင်၊သြဂုတ်လနှင့် စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ