ဖိလစ်ပိုင်က ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေးသန်း ၄၀ ဝယ်ယူရေးစာချုပ်ချုပ်ဆို

ဖိလစ်ပိုင်အစိုးရက ဖိုင်ဇာနှင့်ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသန်း  ၄၀  ဝယ်ယူရေး အတွက်   စာချုပ်ချုပ်ဆို လိုက်ကြောင်းနှင့် ယင်းသို့ဝယ်ယူမှုသည်   ဖိလစ်ပိုင်နိုင်ငံအတွက် အဆိုပါ ကာကွယ်ဆေး အများဆုံးဝယ်ယူမှုဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း  အခြားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုခွင့် ပေးထားပြီး ယခု ဝယ်ယူသည့် ကာကွယ်ဆေးများကိုမူ ကုမ္ပဏီက သြဂုတ်လတွင် စတင်ပို့ဆောင်သွားမည် ဖြစ်ကြောင်း အစိုးရ၏ ကာကွယ်ဆေးဝယ်ယူရေး အဖွဲ့ခေါင်းဆောင် ကာလီတိုဂါးဗက်က ဇွန် ၂၀ ရက်တွင်ပြောသည်။

ဖိလစ်ပိုင်အစိုးရသည် ယခုနှစ်အတွင်း လူထုတစ်ရပ်လုံး ကိုယ်ခံအား ရရှိရေးအတွက် ရည်မှန်းထားပြီး ဦးစားပေး အုပ်စုဝင်များကို   ကာကွယ်ဆေးအရင်ထိုးပေးနေကာ နေအိမ်ပြင်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ပြည်သူ ၃၅ သန်းအား ကာကွယ်ဆေးထိုးပေးရေး အစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်သည်။

လက်ရှိတွင် ပြည်သူ ၈ သန်းကျော်ကို ကာကွယ်ဆေးထိုး ပေးထားပြီးဖြစ်ကာ ၎င်းတို့အနက် ၆ သန်းခန့်မှာ ကာကွယ်ဆေး ပထမတစ်လုံး ထိုးထားသူများဖြစ်သည်။

ထို့ကြောင့်   အစိုးရ၏မျှော်မှန်းချက်ဖြစ်သော ယခုနှစ်ကုန်တွင် လူထုတစ်ရပ်လုံး ကိုယ်ခံအား ရရှိရေးအတွက် လူဦးရေ သန်း ၇၀ ကျော်ကို ကာကွယ်ဆေးထိုးပေးရမည် ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရ အနေဖြင့် ယခုကာကွယ်ဆေးဝယ်ယူမှု အပါအဝင် ကုမ္ပဏီ ငါးခုမှ ကာကွယ်ဆေး အလုံးပေါင်း ၁၁၃ သန်းကို ဝယ်ယူထားပြီး ဖြစ်ကြောင်း  သိရသည်။

Ref: TST