ရင်သားကင်ဆာကို ထိရောက်စွာ တိုက်ဖျက်နိုင်တဲ့ ပျားအဆိပ်

အဆိပ်ဆိုတဲ့အသံကိုကြားလိုက်တာနဲ့ လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ အန္တရာယ်ပေးနိုင်တဲ့အရာလို့ တထစ် ချမှတ်ယူကြပါလိမ့်မယ်။

ဒါပေမဲ့လည်း အဆိပ်တိုင်းကတော့ အန္တရာယ်ဖြစ်စေတာမဟုတ်ပါဘူး။ အကျိုးရှိအောင်သုံးရင် အကျိုးရှိတယ် ဆိုတာကို တွေ့ရမှာပါ။

နောက်တစ်ခုက ရိုးရိုးပျားမျိုးတွေဟာ ပျားရည်အပြင် တခြားအရာတွေကိုပေးရင် ကောင်းမှာပဲလို့  လူသားတွေအနေနဲ့ တွေးကောင်း တွေးဖူးပါလိမ့်မယ်။

အခုတော့ အဲဒီအတွေးကို  ဟယ်ရီပါကင် ဆေးဘက်သုတေသနဌာနမှ သိပ္ပံပညာရှင်တွေက  လက်တွေ့ အကောင်အထည်ဖော်ကာ   အံ့အားသင့်ဖွယ်ကောင်းတဲ့ တွေ့ရှိချက်ကို  ထုတ်ပြန်လိုက်ပါပြီ။

အဲဒီထုတ်ပြန်ချက်ကတော့ ပျားရည်ကို ပေးစွမ်းနိုင်တဲ့ ရိုးရိုးပျားမျိုးတွေရဲ့ အဆိပ်က တချို့သော ရင်သားကင်ဆာ အမျိုးအစားများကို  ထိရောက်စွာတိုက်ဖျက်နိုင်တယ် ဆိုတာပါပဲ။

ဒီနေရာမှာ  အဆိပ်ဆိုတဲ့အရာရယ်၊ ပျားရည်အပြင် တခြားအရာတွေကို ပေးစွမ်းနိုင်ရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးရယ်ကို ပေါင်းစပ်လိုက်တဲ့အခါ လူသားတွေအတွက် အကျိုးရှိတဲ့ တွေ့ရှိချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပျားအဆိပ်ဟာ  ဗဟိုအာရုံကြောစနစ်ရောဂါတွေ၊ ရောင်ရမ်းမှုတွေကို ကုသရာမှာ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါသေးတယ်။

ဒါတင်မကသေးပါဘူး။  အေအိုင်ဒီအက်(စ်)ရောဂါကို တိုက်ဖျက်ရေးအတွက်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင် လာနိုင်ပါလိမ့်မယ်လို့  သုတေသီတွေက ပြောထားပါတယ်။

သိပ္ပံပညာရှင်တွေဟာ နောက်ထပ် ပျားမျိုးတစ်မျိုးဖြစ်တဲ့  ပိတုန်းတွေရဲ့ အဆိပ်ကလည်း အလားတူ အကျိုးသက်ရောက်မှု ရှိ၊ မရှိဆိုတာကိုသိရအောင် စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။

သူတို့စမ်းသပ်တဲ့အထဲမှာ ပိတုန်းနဲ့ ရိုးရိုးပျား အကောင်ရေ ၃၁၂ ကောင်ရဲ့ အဆိပ်တွေ ပါဝင်ပြီး ပိတုန်းတွေရဲ့ အဆိပ်ကတော့ ရိုးရိုးပျားတွေရဲ့ အဆိပ်လိုမျိုး   ရင်သားကင်ဆာကို တိုက်ဖျက်နိုင်စွမ်းမရှိဘူးဆိုတာ တွေ့လိုက်ရပါတယ်။

စမ်းသပ်မှု လုပ်ရာမှာတော့ ပထမဦးစွာ သိပ္ပံပညာရှင်တွေက ပျားတွေကို ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ပေးပြီး အိပ်ပျော်သွားအောင် လုပ်လိုက်ပါတယ်။

ပြီးတဲ့အခါ ပျားတွေကိုရေခဲတုံးပေါ်တင်ပြီး သူတို့ရဲ့ ဝမ်းဗိုက်မှာရှိတဲ့ အဆိပ်ဆူးကို ဆွဲထုတ်ကာ  အဆိပ်တွေကို ဂရုတစိုက်ခွဲစိတ်မှု နဲ့အတူ ထုတ်ယူတယ်လို့ ပျားအဆိပ်တွေရဲ့ အကျိုးအာနိသင်တွေကို နှစ်ပေါင်းများစွာကြာ သုတေသနပြုလေ့လာမှုတွေ လုပ်လာခဲ့တဲ့ ဒေါက်တာစီအာရာဒက်ဖီက ပြောပါတယ်။

အဲဒီနောက်    သိပ္ပံပညာရှင်တွေက သုတေသနတွေလုပ်တဲ့အခါ ပျားရဲ့အဆိပ်ထဲမှာပါဝင်တဲ့   ရှင်သန် ထိရောက်တဲ့ ဒြပ်ပေါင်းတစ်ခုက  ခုခံမှုရှိတဲ့ ကင်ဆာကလာပ်စည်းတွေကို  သတ်လိုက်နိုင်တာ တွေ့ရပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် အလွန်ပြင်းထန်တဲ့ ကင်ဆာကုထုံးတွေက သူတို့ရဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တယ် ဆိုသော်ငြားလည်း   ကျန်းမာတဲ့ ကလာပ်စည်းတွေကို သေဆုံးစေခြင်းဖြင့်သာ အဆုံးသတ်သွားလေ့ ရှိပါတယ်။

အခုတွေ့ရှိတဲ့    ပျားအဆိပ်ထဲက ဒြပ်ပေါင်းကတော့ ကျန်းမာတဲ့ ကလာပ်စည်း တွေအပေါ် ဆိုးကျိုး သက်ရောက်စေမှုက မရှိသလောက်ကို  နည်းပါးတာတွေ့ရပါတယ်။

ပျားအဆိပ်မှာပါတဲ့ ဒြပ်ပေါင်းကို အသုံးပြုပြီး ရင်သားကင်ဆာကလာပ်စည်းမျိုးကွဲတွေကို လက်တွေ့ စမ်းသပ်ရာမှာတော့ အဲဒီဒြပ်ပေါင်းက ကင်ဆာကလာပ်စည်းရဲ့ ပြင်ပအလွှာပါးကို ဖျက်ဆီးဖို့ မိနစ် ၆၀ သာ အချိန်ယူတာကို တွေ့ရတဲ့အတွက် ကင်ဆာရောဂါကြီးတစ်ခုလုံးကို တိုက်ဖျက်ဖို့ဆိုရင် အချိန်အနည်းငယ်သာ   လိုလိမ့်မယ်လို့ တွက်ဆရပါတယ်။             

ဒီတော့ အဲဒီဒြပ်ပေါင်းနဲ့ ဓာတုကုထုံးပါ ကုသမှုတွေနဲ့  ပေါင်းစပ်လိုက်မယ်ဆိုရင် ဘယ်လောက်အထိ အကျိုးသက်ရောက် နိုင်မလဲဆိုတာကို  ဒေါက်တာစီအာရာဒက်ဖီက တွေးတောပါတယ်။ တွေးတောတဲ့ အတိုင်းပဲ လက်တွေ့စမ်းသပ်ကြည့်ပါသေးတယ်။

အဲဒီလို ပျားအဆိပ်မှာပါတဲ့ ဒြပ်ပေါင်းနဲ့ ဓာတုကုထုံးကို ပေါင်းစပ်ပြီး လက်တွေ့စမ်းသပ်မှုရဲ့ ရလဒ်ကတော့ ကြွက်တွေမှာ အကျိတ်ကြီးထွားလာမှုကို တော်တော်ကြီး လျော့ကျစေနိုင်ခြင်းပါပဲ။

ဒါကြောင့်  အခုဆိုရင် ပျားအဆိပ်နဲ့ကင်ဆာရောဂါကို   ကုသနိုင်ဖို့ဆိုတာ အောင်မြင်မှုလှေကားထစ်ကို တက်လှမ်းလာနေပါပြီ။

နောက်ထပ်စမ်းသပ် လေ့လာရမှာတွေကတော့ ပျားအဆိပ်ထဲက ဒြပ်ပေါင်းကို လူရဲ့ခန္ဓာကိုယ်ထဲ  ဘယ်လောက်ပမာဏအထိ ထည့်ရမယ်ဆိုတဲ့ အချက်နဲ့ ဖြစ်လာနိုင်တဲ့ အဆိပ်သင့်မှုတွေကို  စစ်ဆေးဖို့ပဲ ဖြစ်ပါတယ်။                          

 နွေဦး