လွိုင်လင်မြို့အထွက် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အထွက် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်တွင် လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၅ နာရီခန့်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ  ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့်  လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်မှာ တိုးဂိတ်အနီးရှိ ရေမြောင်း အတွင်းသို့ ပြုတ်ကျ တိမ်းမှောက်သွားခဲ့သည်။  တိမ်းမှောက်နေသည့် ဆိုင်ကယ် အားစစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ကျော်ဆန်းဦး (ဘ) ဦးဝေလင်းကို ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၅ ပြား၊ ဘိန်းဖြူ ၃၃၅ ဂရမ် (စုစုပေါင်းမူးယစ် ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၀၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး လွိုင်လင်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။