မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမားများအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၂၁

   

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူ ရန်ကြိုးစားခဲ့သူ အကြမ်းဖက်သမားများအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

   

ဖြစ်စဉ်မှာ  ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကွင်းရပ်ရပ်ကွက်ရှိ ကျောက်မီးသွေးလမ်းဆုံမီးပွိုင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဈေးကြိုမီးပွိုင့်ဘက်မှ ကမ်းနားလမ်း ဘက်သို့ အကြမ်းဖက်သူအမျိုးသား ၂ ဦးမောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဝင်တိုက်ကာ အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင် ကိုင်ဆောင်သော ၃၈ ဘို့ သေနတ်အား လုယူ၍ ထွက်ပြေးရန်ပြုလုပ်စဉ် အခြားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ အဆိုပါအကြမ်းဖက်သူ ၂ ဦး၏ ရင်ဘတ်နှင့် နောက်ကျောတို့ ထိမှန်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်ဖြင့် အတိုက်ခံရသော လုံခြုံရေးတပ်ဖွဲ့တစ်ဦးသည် ဒဏ်ရာအနည်းငယ် ရရှိခဲ့သဖြင့် မော်လမြိုင်ဆေးရုံကြီး သို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

   

အလားတူ ည ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာ၊ မန္တလေး-မိုးကုတ်သွားကားလမ်းမပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လုံခြုံရေးဆောင်ရွက်နေစဉ် မိုးကုတ်ဘက်မှ မန္တလေးဘက်သို့ စဉ်ကူးမြို့နယ်၊ ပြည်စိုးအောင်ကျေးရွာနေ နိုင်မျိုးအောင် (၂၃)နှစ် မောင်းနှင်ပြီး၊ တစ်ရွာတည်းနေ ကျော်မျိုးတို့ စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား မကြားဝံ့မနာသာ ဆဲဆိုကြိမ်းမောင်း၍ မန္တလေးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

 

ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါအမျိုးသား ၂ ဦးမှာ ကျောင်းရှေ့သို့ထပ်မံရောက်ရှိလာသဖြင့် လိုအပ်သော စစ်ဆေးမေးမြန်းမှုများဆောင်ရွက်စဉ် ဆိုင်ကယ်နောက်မှ လိုက်ပါလာသူက ဆိုင်ကယ်ပေါ်မှဆင်း၍ အနီးတွင်ရပ်နေ့သည့် အရာရှိအား ဝင်ရောက်လုံးထွေးကာ ပစ္စတိုသေနတ်အား လုယူရန် ကြိုးစားလာသဖြင့် တပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ သေနတ်လုယူသူ ကျော်မျိုးသည် ထိမှန်ဒဏ်ရာ ရရှိသေဆုံးခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ နိုင်မျိုးအောင်အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ အဆိုပါ ဆိုင်ကယ်တူးဘောက်အတွင်းမှ SHARK အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၂ လုံးနှင့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

   

အထက်ပါ ဖြစ်စဉ်များမှ သေဆုံးခဲ့သူများနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်၍ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။