မြို့နယ်အချို့၌ အပြစ်မဲ့ ပြည်သူများအား  အကြမ်းဖက်သူများက တူမီးသေနတ်၊ ဓားများဖြင့် ချောင်းမြောင်းပစ်ခတ်၊ ထိုးခုတ်တိုက်ခိုက်

နေပြည်တော်၊ ဇွန် ၂၁

   

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ လူမှုကူညီရေးယာဉ်နှင့် ယာဉ်မောင်းများ၊ အေးချမ်းစွာ နေထိုင်သော ပြည်သူများအား အကြမ်းဖက်သူများက တူမီးသေနတ်၊ ဓားများဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ထိုးခုတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ သနပ်ကုန်း-ငါးပယ်ကျေးရွာချင်းဆက်လမ်း၌ “ရေစကြိုမြို့နယ်၊ သာဂေါင်းကျေးရွာ၊ စံပြလူမှုကူညီရေးအသင်း” စာတမ်းပါ ယာဉ် ၁ စီးနှင့် အဆိုပါ ယာဉ်အနီးတွင် အမျိုးသားအချို့ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ သနပ်ကုန်း-ငါးပယ်ကျေးရွာ ချင်းဆက်လမ်းပေါ် သနပ်ကုန်းကျေးရွာနှင့် ၁ ဖာလုံခန့်အကွာရှိ သနပ်ကုန်းတံတားအနီး၌ စံပြလူမှုကူညီရေးအသင်းယာဉ်နှင့် ယာဉ်မောင်းထိုင်ခုံတွင် ရေစကြိုမြို့နယ်၊ သာဂေါင်းကျေးရွာနေ လှိုင်လင်းထက် (၃၈)နှစ်၊ (ဘ)ဦးမိုးဆန်းသည် မျက်လုံးထွက်၊ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ၊ နောက်ကျော ထိုးသွင်း ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ ယာဉ်၏အနီး မြေသားလမ်းပေါ်တွင် တစ်ရွာတည်းနေ  မျိုးသန့်ထွန်း(၂၃)နှစ် (ဘ)ဦးမြင့်ဝင်းနှင့် ငြိမ်းချမ်းအောင်(၁၈)နှစ် (ဘ)ဦးသန်းဇော်မင်းတို့ ၂ ဦးမှာ ဦးခေါင်းပေါက်ပြဲ၊ ယာနားထင်၊ ဝမ်းဗိုက်နှင့် ယာလက်မောင်းတို့တွင် သေနတ်ထိမှန်ဒဏ်ရာများ အသီးသီးရရှိ၍ သေဆုံးနေသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ  ကျည်ခွံ  ၁ ခု၊ အခင်းဖြစ်နေရာ အနီးရှိ လမ်းပေါ်တွင် ကားဘီးပေါက်စေရန် ပြုလုပ်ထားသည့် ကြက်ခြေခတ်ပုံသဏ္ဍာန် ၂ လက်မသံဆူးချောင်း ၉ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ရုပ်အလောင်းများအား ကျောက်ရစ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ထားရှိခဲ့ကြောင်း သိရသည်။

   

အထက်ပါဖြစ်စဉ်တွင် အေးချမ်းစွာနေထိုင်သော ပြည်သူများအား အကြမ်းဖက်သူများက ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ ရက်စက်ယုတ်မာစွာ လုပ်ကြံခဲ့မှုများ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။