ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ “1 STOP SUPER MARKET” ဆိုင် ၃ ဆိုင်အား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၂၁

   

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောက်တံတားမြို့နယ် များတွင် ဖွင့်လှစ်ထားရှိသော “1 STOP SUPER MARKET” ဆိုင်များအား အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   

ထိုသို့ဖျက်ဆီးခဲ့ရာတွင် ဇွန်လ ၂၀ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂)ရပ်ကွက်၊ ဖိုးစိန်လမ်း၊ အမှတ်(၁၉-က)တွင် ဖွင့်လှစ်ထားရှိသော “1 STOP SUPER MARKET”၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၃ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါဆိုင်၏ မျက်နှာကျက်နှင့် ဆိုင်အတွင်းရှိ စာရေးကိရိယာများ၊ ကလေး အသုံးအဆောင်ပစ္စည်းများ (စုစုပေါင်းတန်ဖိုးငွေ ၁၀ သိန်းကျပ်ခန့်) မီးလောင်ဆုံးရှုံးခဲ့သည်။

 

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆိုင်အတွင်း ဆက်လက်စစ်ဆေးခဲ့ရာ ဆိုင်ခန်းအတွင်းရှိ ကုန်ခြောက်ပစ္စည်းများထားသည့် နေရာတွင် မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ Keypad ဖုန်းနှင့်တွဲလျက် လက်လုပ် မီးလောင်ဗုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

   

ထို့အတူ နံနက် ၃ နာရီခွဲအချိန်တွင်ပင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ အထက်ပုစွန်တောင်လမ်း၊ အမှတ်(၅၇၆/၆၁၂)တွင် ဖွင့်လှစ်ထားရှိသည့် “1 STOP SUPER MARKET” ၌လည်းကောင်း၊ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ၃၉ လမ်းထောင့်၊ အမှတ်(၂၅၉/၂၆၁)တွင် ဖွင့်လှစ်ထားသည့် “1 STOP SUPER MARKET”တွင်လည်းကောင်း မီးလောင်မှုများ ဖြစ်ပွားခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသည်။

 

မီးလောင်မှုဖြစ်စဉ်များကြောင့် ပရိဘောဂ ပစ္စည်းအချို့နှင့်    လူသုံးကုန်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။