COVID-19 ကို တုံ့ပြန်ရင်ဆိုင်ဖို့ လူနေမှု ပုံစံအသစ်ပြောင်းကြစို့

''အာရောဂျံ ပရမံ လာဘံ''ဟူသော စကားအတိုင်း ကျန်းမာခြင်းသည် လူတိုင်းအတွက် အဖိုးထိုက်တန်သည့် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ၎င်းအဖိုးထိုက်တန်အမြတ်နိုးဆုံးဖြစ်သော ''ကျန်းမာခြင်း''လာဘ်ကိုရယူနိုင်ရေးအတွက် ကျန်းမာစေသည့် အနေအထိုင်၊ အစားအသောက်၊ အလေ့အကျင့်၊ အပြုအမူများ လိုအပ်နေမည်ဖြစ်သည်။ ယင်းသို့ ကျန်းမာခြင်းနှင့် ပြည့်စုံကာ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများနှင့် စပ်လျဉ်းပြီး မျှတသော အစာကို စားသောက်ခြင်း၊ ကြေကျက်လွယ်သော အစာအာဟာရကိုသာ  စားသောက်လေ့ရှိခြင်း၊ မိမိဝမ်းမီးနှင့် သင့်လျော်သော အာဟာရကို စားသောက်ခြင်း၊ သီလဖြစ်စေ၊ ဥပုသ်သီလဖြစ်စေ စောင့်ထိန်းခြင်း၊ မိမိအကျိုးကို ဆောင်တတ်ကုန်သော မိတ်ကောင်းဆွေမွန်ရှိခြင်း၊ အချိန်ကာလဒေသကို လိုက်လျောညီထွေစွာ ပြုမူနေထိုင်ခြင်း၊ မမြတ်သော ကာမဂုဏ်၊ မေထုန်အမှုတို့မ ှရှောင်ကြဉ်ခြင်း စသည့်အချက်တို့ကို ပါဠိစာပေကျမ်းဂန်များတွင် ဖော်ပြလမ်းညွှန်မှု ပြုထားသည်။ ယင်းအချက်များကို တိကျစွာ လိုက်နာကျင့်သုံးမည် ဆိုပါက အနာရောဂါကင်းရှင်းပြီး ကျန်းမာကြံ့ခိုင်ပျော်ရွှင်သော မိသားစုဘဝများ ရရှိစေမည်ဖြစ်သည်။

အထူးသဖြင့် ကျန်းမာကြံ့ခိုင်သူ တစ်ဦးအနေဖြင့် ခေတ်မီဆန်းသစ်သော အတွေးအမြင်များကို ရယူပေးနိုင်စွမ်းရှိနေသည်။ စိတ်ဓာတ်ခွန်အားနှင့် ဇွဲ၊ လုံ့လ၊ သတ္တိ၊ အားမာန်ရှင်သန် ထက်မြက်မှုများကို အစဉ်မွေးဖွား ပေးနိုင်စွမ်းရှိနေသည်။ စိတ်သွားတိုင်းကိုယ်ပါ လိုရာခရီးကို အရောက်နှင်နိုင်စွမ်းရှိနေသည်။ ထို့ကြောင့်လည်း သက်ရှိလူသားတိုင်းသည် အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေလိုကြသည်။ အနာရောဂါ ကင်းမဲ့လိုကြသည်။ ကျန်းမာကြံ့ခိုင် ပျော်ရွှင်သော မိသားစုဘဝကို ရယူပိုင်ဆိုင်လိုကြသည်။ သို့သော် ယနေ့ မျက်မှောက်ကာလ၌၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စတင် ပေါ်လာပြီးနောက် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပျံ့နှံ့ သွားခဲ့ချိန်မှစ၍ ပုံမှန်လူနေမှုစနစ်များ ထိခိုက်ခဲ့ပြီး ကမ္ဘာမြေ၏ လည်ပတ်မှုတုံ့ဆိုင်းနှေးကွေးသွားခဲ့ပြီဟု တင်စားနိုင်သည်။

COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူသားသန်းပေါင်း ၇ဝဝဝ ကျော်ကို ခြိမ်းခြောက်စိန်ခေါ်လျက်ရှိသည်။ COVID-19 ရောဂါသည် ကမ္ဘာ့တောင်ဝင်ရိုးစွန်း (အန္တာတိက)မှအပ   ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့   ကူးစက်ပြန့်ပွားသွားခဲ့ရာ  အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ      Coronavirus Disease 2019  (COVID-19)  ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) က ၂ဝ၂ဝ  ပြည့်နှစ် မတ် ၁၁ ရက်  မြန်မာစံတော်ချိန်  ည  ၁၁  နာရီ   ၁၃ မိနစ်တွင်   သတ်မှတ်ကြေညာခဲ့သည်။

COVID-19 အဖြစ်အများဆုံး လက္ခဏာများမှာ အဖျားကြီးခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း စသည်တို့ဖြစ်သည်။ အချို့လူနာများတွင် သလိပ်ထွက်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးပညာရှင်တို့၏ သုတေသနပြုလုပ်ချက်အရ သွေးတိုး၊  နှလုံး၊ ဆီးချိုရှိသူများသည် COVID-19 ဖြစ်ပွားနိုင်ပြီး သေဆုံးမှုကိုလည်း ဖြစ်စေကြောင်း သိရသည်။ ကျန်းမာရေး ဆေးသုတေသနပညာရှင်တို့၏ လက်ရှိတွေ့ရှိချက်များအရ COVID-19 ဖြစ်ပွားစေသော ရောဂါပိုး အစက်အမှုန်များကို ထိတွေ့ရာကတစ်ဆင့် အဓိက ကူးစက်ခြင်းပင်ဖြစ်သည်။ ထို့ပြင် ရောဂါပိုးရှိသောသူနှင့် အနီးကပ် ထိတွေ့ရာမှ တစ်ဆင့် ရောဂါကူးစက်ခံရနိုင်ပြီး COVID-19 ရောဂါခံစားနေရသောသူ၏ နှာချေချောင်းဆိုးရာမှ ထွက်လာသည့်  ရောဂါပိုးအစက်အမှုန်များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်ရာမှတစ်ဆင့် ရောဂါကူးစက် ခံရနိုင်သည်။

အထူးသဖြင့် ရောဂါပိုး အစက်အမှုန်များမှာ အနီး ပတ်ဝန်းကျင်တွင် ရှိသော အရာဝတ္ထုများ၊ မျက်နှာပြင်များပေါ်ကို ကျရောက်တတ်သဖြင့် အဆိုပါရောဂါပိုး တင်ကျန်နေသည့် မျက်နှာပြင်၊ အရာဝတ္ထုများကို ကိုင်တွယ်ထားသော လက်နှင့်မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိရာကတစ်ဆင့် ကူးစက်နိုင်သည်။ မူလကဆီးချို၊ သွေးချို၊ ပန်းနာရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများ၊ ခုခံအားလျော့နည်းသူများ၊ ကလေးငယ်နှင့် အသက်ရွယ်ကြီး ဘိုးဘွားများသည် ရောဂါကူးစက်လွယ်ပြီး သေဆုံးသည်အထိ ဖြစ်ပွားတတ်သည်။ COVID-19 ရောဂါပိုးကြောင့် သေဆုံးသူတို့မှာ  အဆုတ်ဆိုးရွားစွာ ပျက်စီး၍ သွေးဆိပ်တက်ခြင်း ကိုယ်အင်္ဂါအားလုံး ပျက်စီးကာ သေဆုံးကြရသည်။

အရေးပေါ်အစီအမံများ ချမှတ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကြီးမားကျယ်ပြန့်လာသောကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားတို့မှာ အရေးပေါ် အစီအမံများဖြစ်သော    နယ်စပ်ကူးသန်း သွားလာမှုများ ပိတ်ပင်ခြင်း၊   မိမိတို့၏ နိုင်ငံသားများ    ပြည်ပသို့ထွက်ခွာခြင်းနှင့်  နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းတို့ကို ပိတ်ပင်ကန့်သတ်ခြင်း၊ ပြည်တွင်းသွားလာမှုများ၊ အိမ်တွင်းမှ အိမ်ပြင်ထွက်ခြင်းများကို တားဆီးကန့်သတ်ခြင်း၊ ဈေးများ၊  ကျောင်းများ၊ စားသောက်ဆိုင်များ၊ ကပွဲရုံများ ပိတ်ခြင်းစသည်တို့ကို ဆောင်ရွက်ကြရသည်။ COVID-19 ရောဂါပိုးသည် လူစုလူဝေး များပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည်။

လူနေထိုင်မှုပုံစံစနစ်သစ်နှင့် ကျန်းမာရေး အသိပညာ COVID-19  ရောဂါပိုးသည် ကမ္ဘာမြေပြင်ပေါ်မှ အပြီးတိုင် ထွက်ခွာသွားမည့် ရောဂါမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားခဲ့ရာ လူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေသည်။ ထို့ကြောင့် COVID-19 ရောဂါပိုးကို ခုခံတွန်းလှန်ရန် လူတိုင်း မိမိကိုယ်ကို တာဝန်ယူကြရမည်ဖြစ်သည်။ ထိုသို့မိမိကိုယ်ကို တာဝန်ယူနိုင်ရန် အတွက် မူလက နေထိုင်ကျင့်သုံးခဲ့သော လူနေထိုင်မှုပုံစံကို အသစ်ပြောင်းရန် လိုအပ်လာသည်။

လူနေထိုင်မှုပုံစံစနစ်သစ် ပြောင်းလဲရာ၌ ရှေးဦးစွာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဖြစ်သည့် လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုကာ စနစ်တကျ မကြာခဏဆေးကြောခြင်း သို့မဟုတ် အရက်ပြန် အနည်းဆုံး ၆ဝ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုသန့်စင်ခြင်း တို့ကို မပျက်မကွက် ပြုလုပ်ရန် လိုသည်။

စနစ်တကျလက်ဆေးရန်    ညွှန်ကြားထားသော အချက်များရှိရာ အတိုကောက်အဖြစ် ''ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ။ ကုတ်ပါခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ'' အတိုင်း လက်ကိုဆေးကြောပြီး စက္ကန့် ၂ဝ ကြာအောင် ဆေးကြောရပါမည်။ ယင်းကဲ့သို့ စက္ကန့် ၂ဝ ကြာအောင် လက်ဆေးရန်လိုအပ်ခြင်းမှာ COVID-19 ရောဂါပိုး ကပ်တင်နေသော အရာဝတ္ထုများကို ကိုင်တွယ်ထားမိသည့်လက်ဖြင့် မျက်စိ၊  နှာခေါင်း၊   ပါးစပ်တို့ကို ကိုင်တွယ်မိလျှင် ရောဂါကူးစက်ခြင်း မခံရအောင်ဖြစ်ခြင်း၊ COVID-19  ရောဂါအား အပေါ်ယံ အဆီမျက်နှာပြင်အလွှာဖြင့် ဖုံးအုပ်ထားရာ ဆပ်ပြာမော်လီကျူးက ယင်းအဆီမျက်နှာပြင်ကို ပျက်စီးစေရန် ဖြစ်ခြင်းတို့ပင် ဖြစ်သည်။

ဆပ်ပြာနှင့် လက်ဆေးခြင်းသည် နမိုးနီးယားရောဂါ ကူးစက်မှုကို ၂၃ ရာခိုင်နှုန်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ၃ဝ မှ ၅ဝ ရာခိုင်နှုန်း၊   အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကို ၂ဝ မှ   ၄၅ ရာခိုင်နှုန်း လျော့ကျစေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အညစ်ပတ်ဆုံးနေရာသည် လက်ဖဝါးနှင့် လက်ချောင်းများဖြစ်သည်။

နောက်ထပ်  လူနေထိုင်မှု ပုံစံစနစ်သစ်တစ်ခုမှာ ''နှာခေါင်းစည်း  (Mask)တပ်ခြင်း''   ပင်ဖြစ်သည်။

နှာခေါင်းစည်းများ တပ်ဆင်ရာ၌ စနစ်တကျ တပ်ဆင်တတ်ရန်နှင့် တစ်ခါသုံး နှာခေါင်းစည်းများကို အသုံးပြုသည့် အခါတွင်လည်း ထပ်မံအသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။ နှာခေါင်းစည်း မတပ်ဆင်ချိန်တွင် လက်ကို ပြောင်စင်အောင် ဆေးကြောထားရမည်။ နှာခေါင်းစည်း တပ်ဆင်သည့်အခါ အရောင်ရင့်သည့်ဘက်ကိုအပြင်မှာထား၍ တပ်ဆင်ရမည်။ နှာခေါင်းစည်းကို လက်ကိုင်နေရာကသာ ကိုင်ရမည်ဖြစ်ပြီး နှာခေါင်းစည်း၏ မျက်နှာပြင်ကို မထိစေရန် သတိပြုရမည်။ နှာခေါင်းစည်း တပ်ထားခြင်းသည် COVID-19 ရောဂါကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိသော်လည်း မိမိဆီမှ အမှုန်အမွှားများသည် အခြားသူဆီ မရောက်နိုင်သကဲ့သို့ အခြားသူ၏အမှုန်အမွှားများ မိမိထံ ရောက်ရှိခြင်းမှ ကာကွယ်ပေးနိုင်သောကြောင့် COVID-19 ရောဂါပိုးကို တွန်းလှန်နိုင်သည့် အခြေခံအကျဆုံး နည်းလမ်းပင်ဖြစ်သည်။

လူနေထိုင်မှု ပုံစံစနစ်သစ်တစ်ခုဖြစ်သော ''ခပ်ခွာခွာ နေထိုင်ခြင်း''မှာ COVID-19 ရောဂါပိုးကို တိုက်ဖျက်ရာတွင် အရေးပါလှသည်။ တစ်ဦးနှင့်တစ်ဦး  ၆ ပေခွာနေထိုင်ခြင်းဖြင့်   ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် အကျိုးရှိသော စနစ်ပင်ဖြစ်သည်။ ကျန်းမာရေး ပညာရှင်များက  ၆ ပေအကွာအဝေးသည် အနည်းဆုံးရှိရမည့် အကွာအဝေးဖြစ်ကြောင်း ဆိုသည်။ ယင်းကဲ့သို့ တစ်ဦးနှင့်တစ်ဦး  ၆  ပေ ခွာနေရန်ဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာအရဖြစ်ပြီး အခြေအနေအရ လိုအပ်လာပါက သည့်ထက်ပို၍ ခွာနေကြရဦးမည်ဖြစ်သည်။

ထို့နောက်    လူနေထိုင်မှု ပုံစံစနစ်သစ်တစ်ခုမှာ ''နေအိမ်တွင်နေထိုင်ခြင်း(Stay at Home)''ဖြစ်သည်။

COVID-19 ရောဂါပိုးများသည် မိမိတို့ ပတ်ဝန်းကျင်တွင် ရှိနေမည်ဖြစ်၍ COVID-19 ရောဂါပိုး ကူးစက်မှုကို တားဆီးဖြတ်တောက်နိုင်သည့် နည်းလမ်းမှာ နေအိမ်တွင် နေထိုင်ခြင်းပင်ဖြစ်သည်။ နေအိမ်တွင် နေထိုင်ခြင်းအားဖြင့် COVID-19ရောဂါပိုးများ ရှိရာမှ ရှောင်ရှားလိုက်ခြင်းဖြစ်သည်။ လူစုလူဝေးရှိရာ နေရာများသို့     လုံးဝသွားလာမှုကို ထိန်းချုပ်ထားရမည်။

နေအိမ်တွင်နေထိုင်ခြင်းကို  အထောက်အကူဖြစ်စေရန် ရပ်ဝေးရပ်နီး ဧည့်သည် လက်ခံခြင်း လုံးဝမပြုရန် လိုအပ်သည်။ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို လုံးဝ(လုံးဝ) တပ်ဆင်ရမည်ဖြစ်သည်။ နေအိမ်တွင် နေထိုင်စဉ်ကာလအတွင်း မိမိကျန်းမာရေးအတွက် မိသားစုဝင် အချင်းချင်း၊ အတူနေသူအချင်းချင်း နီးကပ်စွာ နေထိုင်ခြင်းကို ဂရုပြုရှောင်ရှားရမည်။ သင့်လျော်သော မပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှု အားကစားကို နေ့စဉ်ပုံမှန် ပြုလုပ်ရမည်။

ကမ္ဘာ့လူသား သန်းပေါင်း ၇ဝဝဝ ကျော်ကို စိန်ခေါ်နေသော COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ရာတွင် လူနေမှု ပုံစံအသစ် (New normal) များဖြစ်သော (၁)လက်ကို မကြာခဏဆေးကြောခြင်း၊ (၂)နှာခေါင်းစည်း(Mask) တပ်ခြင်း၊ (၃)ခပ်ခွာခွာနေထိုင်ခြင်း၊ (၄)နေအိမ်တွင် နေထိုင်ခြင်း ဟူသော လူနေမှုပုံစံအသစ်နှင့်     ကျန်းမာရေး အသိပညာများသည် ထိထိရောက်ရောက် တွန်းလှန်နိုင်စွမ်း ရှိပါ၍ COVID-19 ရောဂါပိုးသည် ကမ္ဘာမြေပြင်မှ တစ်စတစ်စ ပျောက်ကွယ်သွားမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။  ။

တက္ကသိုလ်ပွင့်သူအောင်