နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို အဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

မေး။   မြောင်းမြမြို့က စာသင်ကျောင်းတွေမှာ ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာတာကြောင့် မိဘတွေက သူတို့ကလေးတွေကိုပြန်လိုက်ခေါ်ရာ ကျောင်းသားတွေကို မိဘတွေလာခေါ်လည်း ပြန်မလွှတ်ဖို့ တပ်မတော်ကဖိအားပေးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး Mizzima-News in Burmese ဖော်ပြထားတာကို သတင်းအမှန်ပြန်လည် ဖြေကြားပေးစေလိုပါ တယ်။

ဖြေ။    အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းလမ်းညွှန်များ ရေးဆွဲပြီး စနစ်တကျရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ သံသယ လူနာတွေ့ရှိပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှုများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ  ပညာရေးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

          လက်ရှိအနေနဲ့ Stay at Home ကြေညာထားတဲ့ မြို့နယ်များမှာ အခြေခံပညာကျောင်းများကို ခေတ္တယာယီ ပိတ်ထားပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

          မြောင်းမြမြို့က  စာသင်ကျောင်းတွေမှာ ကိုဗစ်ရောဂါကူးစက်မှု  မြင့်မားလာတာကြောင့် မိဘတွေက သူတို့ကလေးတွေကို ပြန်လိုက်ခေါ်ရာ ကျောင်းသားတွေကို မိဘတွေလာခေါ်ရင် ပြန်မလွှတ်ဖို့ တပ်မတော်ကနေ ဖိအားပေးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး လုံးဝမရှိပါဘူးလို့ ဖြေကြားလိုပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ညွှန်ကြားချက်နဲ့အညီဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားလိုပါတယ်။

မေး။   စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာနားမှာ ဇွန်လ ၂၂ ရက် တုန်းက တပ်မတော်နဲ့ PDF  တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ DVB TV News က ရေးသားထားတာတွေ့ရပါတယ်။ အဲ့သတင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ။    အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေဟာ တရော်ကျင်းကျေးရွာအပြင်က အပြစ်မဲ့ပြည်သူတွေရဲ့ အိမ်တွေကို  မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေတည်ငြိမ်လုံခြုံရေး

ဆောင်ရွက်ရန်အတွက်သွားရောက်စဉ် ဇွန်လ ၂၂ ရက် နေ့တွင် ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာကို ရောက်ရှိ တဲ့အခါ အကြမ်းဖက်လက်နက်ကိုင်အင်အား ၈၀ ဦးခန့်ကနေပြီးတော့ တူမီးသေနတ်၊ လက်လုပ်မိုင်းများနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက်   လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ရှိပါတယ်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး တူမီးခဲစထိမှန် (မစိုးရိမ်ရ)ဒဏ်ရာရရှိတာသာရှိပါတယ်။

          အဲဒီနေရာကို နောက်ထပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ   စစ်ကူသွားရောက်စဉ်   ဘန့်ဘွေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာကိုအရောက် အကြမ်းဖက် လက်နက်ကိုင်အင်အား ၃၀ ဦးခန့်က တူမီးသေနတ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့ အဲဒီဖြစ်စဉ်မှာ အကြမ်းဖက် လက်နက်ကိုင်များရဲ့ လက်လုပ်သေနတ် တစ်လက်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ အကြမ်းဖက် သောင်းကျန်းသူများကြောင့် အိမ် ၈ လုံး မီးလောင်ပျက်စီးတယ်လို့သိရပါတယ်။

          တိကျသေချာတဲ့ သတင်းဆိုသည်မှာ ခိုင်လုံသော သတင်းအရင်းအမြစ်က လာရမယ်။ မှန်ကန်တဲ့ သတင်းဓာတ်ပုံပါမှသာ မှန်ကန်တဲ့သတင်းဖြစ်မယ်ဆိုတာ ပြောကြားလိုပါတယ်။