နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို အဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

မေး။   လူမှုကွန်ရက်စာမျက်နှာပေါ်မှာ     ကလေးမြို့နယ်အတွင်း  လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က တူမီး လက်နက်တွေနဲ့    မိသားစုတစ်စုကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ ရုပ်သံဖိုင်တစ်ခု တွေ့ရှိရပါတယ်။ ဒီရုပ်သံဖိုင်နဲ့ ပတ်သက်တဲ့ ဖြစ်စဉ်မှန်ကို သိချင်ပါတယ်။

ဖြေ။    ဇွန်လ ၁၉ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နွားတောင်ကျောင်းလမ်းမှာနေတဲ့ ဦးဝင်းဇော်ဦး ရဲ့ နေအိမ်သို့    ဆူပူအကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများက သေနတ်များဖြင့် လာရောက် ပစ်ခတ်သွားတာ ရှိပါတယ်။   ၂၀ ရက်နေ့မှာလည်း ဒီသတင်းကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ဦးဝင်းဇော်ဦးသည် ၎င်း၏ နေအိမ်ရှေ့လမ်းဘေး၌ ဝဲဘက်ရင်အုံကျည်ထိမှန်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ဦးဝင်းဇော်ဦးရဲ့ဇနီး ဒေါ်စန်းစန်း မော်၊  သား ကိုသီဟအောင်၊ သမက် ကိုဇော်ဇော်တို့ မျက်နှာ၊ နောက်ကျော၊ ရင်အုံတို့တွင်  ကျည်ထိမှန် ဒဏ်ရာများနဲ့ နေအိမ်အတွင်းမှာပဲ  သေဆုံးနေပြီး သမီး မစန်းရွှေဦးကတော့ ဝမ်းဗိုက်ကျည်ထိမှန်၊ ယာမျက်ခုံး ဖူးရောင်ဒဏ်ရာများ ရရှိတာ ဖြစ်ပါတယ်။ သူမကိုတော့ ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားတာရှိပါတယ်။ Online မှာ ပြန့်နေတဲ့ ပြောက်ကျားဝတ်စုံတွေဝတ်ပြီး သေနတ်တွေနဲ့ ရက်ရက်စက်စက် ကန်ကျောက်ပစ်ခတ်သတ်ဖြတ်သွားတဲ့ Movie ကိုတော့ ဒေသခံတွေနဲ့   မေးမြန်းစိစစ် လိုက်တဲ့အခါမှာ ကလေးမြို့ ညောင်ပင်သာရပ်ကွက်ဖြစ်စဉ် မှန်ကန်ကြောင်း သိရပါတယ်။

ခုလို အပြစ်မဲ့မိသားစုကို လူမဆန်စွာရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေ အတွက် အလွန်အမင်း အံ့သြတုန်လှုပ်ချောက်ချားစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ပြည်သူနဲ့ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

မေး။   မင်းကင်းမြို့နယ်မှာ ဇွန်လ ၂၄ ရက် နံနက်ပိုင်းက  တပ်မတော်နဲ့ PDF တို့ ပစ်ခတ်မှုတွင် တပ်မတော်က ၁၅ ဦးကျဆုံးပြီး PDF ဘက်က ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရဆိုပြီးတော့ Khit Thit Media ကနေ ရေးသားထားတာ တွေ့ရပါတယ်။ ဒီသတင်း ဟုတ်/မဟုတ်သိချင်ပါတယ်။

ဖြေ။    စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း ဇွန်လ ၂၄ ရက်နေ့တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များက နယ်မြေတည်ငြိမ်လုံခြုံရေး ဆောင်ရွက်ရန်အတွက် ပန်းဆက်ကျေးရွာမှ    အင်ပင်လှ ကျေးရွာသို့ အသွား နေ့လယ် ၁၂ နာရီ မထိုးခင်   သံပေါက်ကျေးရွာရဲ့ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာကို ရောက်ရှိတဲ့အခါ အကြမ်းဖက်လက်နက်ကိုင် ၃၅ ဦးခန့်က တူမီးသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့  လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့   အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် လက်နက်ကိုင်တွေ   မြောက်ဘက်ကို ထွက်ပြေးသွားပါတယ်။   လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက် လက်နက်ကိုင်တွေ ဘက်က ၄ ဦး သေဆုံးခဲ့ပြီးတော့ တူမီးသေနတ် ၉ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ တူမီးသေနတ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ သစ်သားဒင် ၃ ခု၊ သံပိုက်လုံး ၄ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သားခန့်နှင့် ခဲသီး ၅၀ လုံးခန့်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။