COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့် သူများအား   စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၃၁

Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်းသို့  တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၈ ဦးနှင့် လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၀ ဦးတို့ ထပ်မံ ရောက်ရှိ လာကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင် ဆေးရုံတက်ရောက်ကုသခဲ့သည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့သည် ဆေးရုံဆင်းပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

စောင့်ကြပ်ကြည့်ရှု ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၉ ဦး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ ၈ ဦးကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၉၂ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၂၆၀ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်းနှင့် အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။