မိုင်းကိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ် အက်စစ်များ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့၏ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာရှိ မိုင်းကိုင်-လဲချားသွား ကားလမ်း၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၃ဝ ရက် ညနေ ၃ နာရီခွဲခန့်တွင် လဲချားမြို့ဘက်မှ   မိုင်းကိုင်မြို့ဘက်သို့ ဖြိုးအောင်(ဘ)ဦးစိန်မတ် မောင်းနှင်လာသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ MDY-9H/-----အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်ရှိ မုန့်ထုပ်များအောက်၌ သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ်အက်စစ် ၁၆ လီတာခန့်ပါ ၇၅ဝ ပုံး (၁၂ဝဝဝ လီတာ) (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၂ဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းကိုင် မြို့အဝင်၌ စောင့်ဆိုင်းစဉ် ညနေ ၅ နာရီခွဲခန့်တွင် အထက်ပါပစ္စည်းများနှင့် ပတ်သက်ဆက်နွှယ်သူ  ကျန်မာခါး(ဘ) ကျန်မာလှကို ၎င်းမောင်းနှင်လာသည့် ပါဂျဲရိုး အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်နှင့် အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင်  အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ် အက်စစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး မိုင်းကိုင်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရှိသည်။