ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်ရှိ တားမြစ်နယ်မြေ အတွင်း လုံခြုံရေး စစ်သည်နှင့် လူငယ်တစ်ဦး လုံခြုံရေးကိစ္စ အချင်းချင်း နားလည်မှု လွဲမှားပြီး အချင်းများမှုဖြစ်ပွား

နေပြည်တော်  သြဂုတ်  ၃၁

ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများသည် သြဂုတ် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် တားမြစ်နယ်မြေဖြစ်သည့် ဟင်းရွက်ဆည်ဝင်ပေါက်လမ်းအနီး အရပ်သားတစ်ဦးအား တွေ့ရှိရသဖြင့် မေးမြန်းခဲ့ရာ ၎င်းသည် အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာနေ မောင်ညီညီစိုး(ဘ) ဦးညီစိန်ဖြစ်ကြောင်း သိရှိရပြီး   တားမြစ်နယ်မြေဖြစ်၍   လာရောက်ခြင်း မပြုရန် ပြောဆိုရာမှ  မောင်ညီညီစိုး၏ အမူအရာအရ နားလည်မှု လွဲကာ အပြန်အလှန်စကားများခဲ့ပြီး ခိုက်ရန်ဖြစ်ပွားသဖြင့် မောင်ညီညီစိုး၏ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်အား တပ်ရင်းမှ တာဝန်ရှိသူများက သိရှိခဲ့ပြီး မောင်ညီညီစိုးနှင့် မိဘများ၊ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ တောင်းပန်စကား ပြောကြားပြီး ဆေးဝါးကုသနိုင်ရန် ပထမအကြိမ် ငွေကျပ် ၃ဝဝဝဝ အားလည်းကောင်း၊ သြဂုတ် ၂၉ ရက်တွင် ထပ်မံ၍ ငွေကျပ် ၃ဝဝဝဝဝ အား လည်းကောင်း ထောက်ပံ့ပေးခဲ့ပြီး လူငယ်သဘော သဘာဝအရ အချင်းချင်း နားလည်မှုလွဲမှားကာ အချင်းများမှု ဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော စစ်သည်အားလည်း စစ်စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့်  တားမြစ်နယ်မြေဖြစ်၍ နောင်ဝင်ရောက်မှု မရှိစေရေး ပြောဆိုကာ နှစ်ဦးနှစ်ဖက် နားလည်မှု ရရှိကျေအေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မိသည့် စစ်သည်အား စစ်စည်းကမ်းနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။