မြင်းခြံမြို့နယ် ၊ ဂျုပ္ပင်ကျေးရွာ၌ အကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား တရားခံများနှင့်အတူ ဖမ်းဆီးရမိ  

နေပြည်တော်၊ ဇူလိုင်လ ၉

 

နိုင်ငံတော်က အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရားလွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုဌာနတစ်ခုဖြစ်သည့် မြို့နယ်လျှပ်စစ်ရုံးများအား တိုက်ခိုက်ဖျက်ဆီး ခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ်များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးခံရမှု ကြောင့် PDF အပါအဝင် အခြားအကြမ်းဖက် အဖွဲ့အစည်းအချို့ကို စုဖွဲ့၍ မြို့/ရွာအချို့အား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော် ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၇ ရက် နေ့လယ်ပိုင်းတွင် မြင်းခြံမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသော မြင်းခြံမြို့နယ်၊ ဂျုပ္ပင် ကျေးရွာနေ ဦးစိန်ဝင်း၏ နေအိမ်အား သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံများဖြစ်သော စိန်ဝင်း(၅၇)နှစ်၊ ဟန်ဇော်ထိုက် (၄၃)နှစ်၊ မန်းလင်း (၄၃)နှစ်၊ ဝင်းကို(၃၂)နှစ်၊  ကျော်စိန်ဦး(၃၁)နှစ်၊ နိုင်လင်း(၂၉)နှစ်၊ ချမ်းမင်းဟိန်း(၂၅)နှစ်၊ အာကာကျော်(၂၁)နှစ်၊ နိုင်မင်းကို(၁၇)နှစ်နှင့် ချစ်စမ်းမောင် (၁၇)နှစ်တို့  ၁၀ ဦးတို့အား ပလတ်စတစ် လက်ပစ်ဗုံး ၂ လုံး၊  ၉ မမ ကျည် ၆ တောင့်၊  အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

 ဖမ်းဆီးရမိတရားခံ စိန်ဝင်း၏ ထွက်ဆိုချက်အရ လက်လုပ် သေနတ်များနှင့် အခြားပစ္စည်းများအား ၎င်းပိုင်ဆိုင်သော ခြံဝင်းအနီး သရက်ပင် အောက်တွင် မိုးကာဖြင့်အုပ်၍ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိ ရသဖြင့် ဇူလိုင်လ ၈ ရက် နေ့လယ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေ ခဲ့ရာ တူမီးသေနတ် ၂ လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၆ လက်၊ လက်လုပ်မိုင်း ၂၂ လုံး၊ ဂျင်ဂလိ ၂၅ ချောင်း၊ ဓာတ်ငွေ့ကာဝတ်စုံ ၃ စုံ၊ ဂက်စ်ဘူး ၁၁ ဘူး တို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိသူ ၁၀ ဦးအနက် မြင်းခြံမြို့၊ ထနောင်းတိုင်ရွာမှ ဟန်ဇော်ထိုက်(ခ)ပသိုင်းနှင့် လင့်ကြီး(မြောက်ရွာ)မှ ချမ်းမင်းဟိန်း တို့ ၂ ဦးသည် တောင်သာမြို့နယ်၊ ညောင်ကန်ကျေးရွာ အနီး PDF အဖွဲ့များ သင်ကြားပေးသော စစ်ပညာသင်တန်းတွင် ၂ ရက်တက်ရောက်ခဲ့ကြောင်း၊ ချမ်းမင်းဟိန်း သည် မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာရှိ ZERO-3 အဖွဲ့တွင်ပါဝင်ပြီး ကျန်ဖမ်းဆီးရမိသူများသည် PDF ဖွဲ့ရန်အတွက် စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ဖမ်းဆီးရမိလက်လုပ်သေနတ်များ ပြုလုပ်ရန်နှင့် သင်တန်းတက်ရောက်ရန် အတွက် ပုဒ်မ-၅၀၅(က)ထုတ်ပြန်ထားရှိသည့် မြင်းခြံမြို့နယ်၊ NLD ပါတီမှ အမျိုးသား လွှတ်တော်အမတ်ဟောင်း(၂၀၁၅) အောင်မျိုးလတ်၊ မြင်းခြံမြို့နယ် NLD ပါတီဝင် ကျော်ဆန်းဦးနှင့် NLD ပါတီအမာခံ ဒေါက်တာ ဝင်းနိုင်ဖုန်းတို့က အဓိက ထောက်ပံ့ပေး ခဲ့ကြောင်း၊ သိမ်းဆည်းရမိ လက်ပစ်ဗုံးနှင့် ၉ မမကျည်များသည် အောင်မျိုးလတ်၊ ကျော်ဆန်းဦး၊ ဒေါက်တာ ဝင်းနိုင်ဖုန်းတို့မှ ဝယ်ယူပေးထားခြင်းဖြစ်ပြီး ရှိုင်းထက်အောင် (တောင်သာမြို့)၊ ကျော်ဇေယျ(မြင်းခြံမြို့၊ ရွှေစည် ကျေးရွာ) နှင့် မင်းကို (မြင်းခြံမြို့) နေသူတို့မှ ထိန်းသိမ်းအသုံးပြုကာ မြင်းခြံမြို့နယ်အတွင်း မြို့တွင်းတိုက်ပွဲဆင်နွဲ နိုင်ရန် လက်နက်များ စုဆောင်းထားခြင်းဖြစ်ကြောင်း၊ စစ်ပညာသင်တန်းများ တက်ရောက်ပြီး အင်အားစုစည်း၍ လူ၊ လက်နက် အင်အားလုံလောက်သည့်အချိန်တွင် လုံခြုံရေးအဖွဲ့ များအား တန်ပြန်တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

 

ထိုသို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ခဲ့သည့် တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေး တိုင်ကြား ကြပါရန်နှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။