သတင်းထုတ်ပြန်ချက်

သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုမှုများအပေါ် ကန့်ကွက်

 

ဂျီနီဗာမြို့တွင် လက်ရှိကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး နှင့် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ နှုတ်ဖြင့် အစီရင်ခံစာတင် သွင်းခြင်းနှင့် ယင်းအပေါ်အပြန်အလှန်ဆွေးနွေးမှုများကို သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ ၆-၇-၂၀၂၁ ရက်နှင့် ၇-၇-၂၀၂၁ ရက် များတွင် အသီးသီး ကျင်းပခဲ့သည်။

လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရာ တွင် သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုရှိမှသာ မြေပြင်အခြေအနေအမှန်ကို ထင်ဟပ်စေနိုင်မည် ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုသည် လွန်စွာအရေးကြီးသည်။ ယင်းသို့ကျင်းပခြင်းသည် အားလုံး ပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုများမှတစ်ဆင့် လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်သွားမည့် လူ့အခွင့်အရေးကောင်စီ၏မူများနှင့် ရည်မှန်းချက်များနှင့် သွေဖယ်လျက်ရှိပါသည်။ သို့ပါ၍ သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အပြန်အလှန်ဆွေးနွေးမှုများ ကျင်းပခဲ့ခြင်း အပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်သည်။

ထို့အပြင် အပြန်အလှန်ဆွေးနွေးမှုများအတွင်း မဟာမင်းကြီး Ms. Michelle Bachelet ၏ ပြောကြားမှုများသည် မတရားအသင်းနှင့်အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အမျိုး သားညီညွတ်ရေးအစိုးရ ဆိုသည့်အဖွဲ့အပေါ် တရားဝင်အဖြစ် အသိအမှတ်ပြုရေးကို လမ်း ကြောင်းပေးသည့် သဘောသက်ရောက်လျက်ရှိသည်။ ကုလသမဂ္ဂကို ကိုယ်စားပြုကာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအပေါ်ဖိအားပေးနေသည့် မဟာမင်းကြီး၏ ယခုကဲ့သို့ပြော ဆိုမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လုံးဝ လက်မခံပယ်ချသည်။

အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrews သည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် တိုက်တွန်း တောင်းဆို ချက်များကို ပြုလုပ်ခဲ့သည့်အပေါ်လည်း ပြင်းထန်စွာ ကန့်ကွက်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်းကို ဉီးတည်ဖိအားပေးအရေးယူသည့် အဆိုများကို အစဉ်တစိုက် ဆန့်ကျင် ခဲ့ပြီး၊ ယင်းရည်ရွယ်ချက်ဖြင့်ခန့်အပ်သော လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံ စာတင်သွင်း သူ၏လုပ်ပိုင်ခွင့်ကိုလည်း မည်သည့်အခါကမျှ လက်ခံခဲ့ခြင်းမရှိပါ။ သို့ဖြစ်ရာ လူ့အခွင့်အရေး ကောင်စီမှ Mr. Thomas Andrews အား မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာအထူး အစီရင်ခံစာတင်သွင်းသူအဖြစ်ခန့်အပ်မှုအပေါ် လက်ခံခဲ့ခြင်းမရှိသကဲ့သို့ ပြည်ဝင်ခွင့်လည်း ခွင့်ပြု ထားခြင်းမရှိပါ။

မြန်မာနိုင်ငံအနေဖြင့် တိကျခိုင်လုံမှုမရှိသော အချက်အလက်များအပေါ် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုရှင်းလင်းပြောကြားမှုများနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေသည့် ခြိမ်းခြောက်မှုများအားလုံးကို ကန့်ကွက်သည်။ ယင်းပြောဆိုမှုများသည် မြေပြင်အခြေအနေ အမှန်နှင့် ကွဲလွဲနေသည့်အပြင်၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဒီမိုကရေစီရည်မှန်းချက်သို့ရောက်ရှိ‌ရေးအတွက် သိမ်မွေ့နက်နဲသည့် အကူးအပြောင်း တွင် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို လျစ်လျူရှုရာရောက်နေသည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း ကျင့်သုံးဆောင်ရွက်ရန်၊ စံနှုန်း (၂) မျိုးဖြင့် ကျင့်သုံးခြင်းနှင့် နိုင်ငံရေးသဘော သွတ်သွင်းခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် အားလုံး ပါဝင်ခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်းနှင့် သီးသန့်ရွေးချယ်ဖိအားပေးမှု မရှိခြင်း စသည်တို့အပေါ် လေးစားလိုက်နာသွားရန် တောင်းဆိုသည်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေဖြင့်လည်း သူမအား ပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ကုလသမဂ္ဂ၏ပဋိညာဉ်စာတမ်းပါ ပြဌာန်း ချက်များနှင့်အညီ ဆောင်ရွက်သွားရန် တိုက်တွန်းသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။