မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်ရန်  ပုံစံ(၃-က)ဖြင့် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၆၆/၂ဝ၂ဝ)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်)

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်ရန်ပုံစံ(၃-က)ဖြင့် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ကြေညာခြင်း

၁။      သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၏ နည်းဥပဒေ ၁ဝပါ ပြဋ္ဌာန်းချက်များအရ  အနည်းဆုံး ရက်ပေါင်း ၉ဝ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ သည် မိမိတို့၏ အမြဲတမ်း နေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်း မရှိပါက မိမိတို့ရောက်ရှိနေသောမဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်စေရန် အောက်ပါ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-

(က)   ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာနယ်မြေရှိ လုပ်ငန်း တာဝန်ခံ၏ ထောက်ခံချက်ကို လည်းကောင်း၊ အလုပ် သမား ဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်၏ ထောက်ခံချက်ကို လည်းကောင်း၊  အခြား ပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင် ဝန်ခံချက်ကို လည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌ မိမိတို့၏ အမည်ကို ထည့် သွင်း ပေးပါရန် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃ဝထက် နောက်မကျ စေဘဲ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ (၃-က)ဖြင့် လျှောက်ထားရမည်။ ထိုသို့လျှောက် ထားရာ၌ တောင်းဆိုသူတင်ပြရမည့် အထောက်အထားနေရာတွင် တောင်းဆိုသူ တင်ပြလိုသည့် စာရွက် စာတမ်းများ၊ သက်သေ အထောက်အထားများ နှင့်အတူ မိမိတို့၏ အမြဲတမ်းနေရပ်တွင် ပါဝင်သည့် မဲစာရင်း အမှတ် စဉ်ကို  ဖြည့်သွင်း တင်ပြရန်ဖြစ်ပသည်။

(ခ) အပိုဒ်ခွဲ(က)အရ လျှောက်ထားသည့် အခါ ယင်းတို့ သည် မဲဆန္ဒရှင်အတွက် သတ်မှတ်ထားသော အရည် အချင်းများနှင့် ကိုက်ညီပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက သတ်မှတ် ချက်များ နှင့်အညီ ဆောင်ရွက်၍ မဲစာရင်းတွင် အမည်ထည့်သွင်းပေးမည်ဖြစ်သည်။

(ဂ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် အပိုဒ်ခွဲ(ခ)အရ မဲစာရင်းတွင် အမည်ထည့်သွင်း ခံရသူ၏ အမည်ကို အမြဲတမ်းနေရပ်၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းမှ ပယ်ဖျက် နိုင်ရေးအတွက် မိမိ၏ မြို့နယ် ကော်မရှင် အဖွဲ့ခွဲသို့ တင်ပြရမည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကလည်း ထိုတင်ပြချက်ကို လိုအပ်သလို ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ နေရင်းဒေသရှိ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-ခ) သုံးစောင်ဖြင့်  အမြန်ဆုံး ဆက်လက် အကြောင်းကြားသွားမည်ဖြစ်သည်။

၂။      ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈  ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ အနည်းဆုံးရက်ပေါင်း ၉ဝထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ သည် ၁၇-၉-၂ဝ၂ဝ ရက်နေ့မှစတင်၍ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ(၃-က)ဖြင့် လျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ၁ဝ-၁ဝ-၂ဝ၂ဝ ရက်နေ့ ဖြစ်ပါကြောင်း  ထုတ်ပြန်ကြေညာ အပ်ပါသည်။

(လှသိန်း)

ဥက္ကဋ္ဌ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်