ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းတချို့ ပြန်လည် ဖွင့်လှစ်မှုရှိလာ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်တွင်း ဟိုတယ် လုပ်ငန်းအများစုကို    ရပ်ဆိုင်းထားရာ လက်ရှိတွင် ဟိုတယ်လုပ်ငန်းတချို့  ပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်မှု ရှိလာကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း   အထွေထွေ အတွင်းရေးမှူး   ဦးမင်းကျော်ဦး ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ    ဖွင့်လှစ်လုပ်ကိုင်နေသည့် ဟိုတယ်များသည် Quarantine  ဝင်ရောက်ရန်   မိမိအစီအစဉ်များဖြင့်   ဆောင်ရွက်သူများကြောင့်   ပြန်လည် လုပ်ကိုင်မှုများ ရှိလာခြင်းဖြစ်သည်။ COVID-19 ရောဂါကြောင့် ထိခိုက်မှုအရှိဆုံး လုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်းများလည်း ပါဝင်သည်။

ပြည်ပနိုင်ငံများမှ နေရပ်ပြန်သူများအနက် မိမိအစီအစဉ်ဖြင့် ဟိုတယ်များ၌ Quarantine ဝင်ရောက်နေသည့်အတွက် ယင်းရောဂါမဖြစ်ပွားမီ ကာလများနီးပါး ဝင်ငွေရရှိနေသော ဟိုတယ်တချို့ရှိနေကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပိတ်ထားသည့် ဟိုတယ်များမှ လွဲ၍ ကျန်ဟိုတယ်များသည် ပိတ်ထားခြင်း မဟုတ်ဘဲ ဧည့်သည်ဝင်ရောက်မှု နည်းခြင်းနှင့်   ဝန်ထမ်းအင်အား လျှော့ချခြင်းတို့ကြောင့် ပါဝင်ကြောင်း သိရသည်။

''အခု ပြည်ပက ပြန်လာတဲ့သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်   Quarantine ထားတဲ့ဟိုတယ်တွေမှာ တည်းခိုကြတယ်။ ဈေးနှုန်းကတော့ ညှိနှိုင်းဈေးနဲ့ပေါ့။ အခု  Quarantine ထားတဲ့ ဟိုတယ်တွေကတော့  ပြန်ဖွင့်နေကြပြီ။  COVID-19 ရောဂါကြောင့်  ထိခိုက်ခဲ့ရတဲ့ ဟိုတယ်လုပ်ငန်းတွေ အတွက်  COVID-19 Fund ကနေ ချေးငွေထောက်ပံ့မှုတွေ ရှိပါတယ်။ အတိုးနှုန်းကို  ၁ ရာခိုင်နှုန်းနဲ့ ချေးပေးတယ်။ အခု ပြန်ဖွင့်တဲ့ ဟိုတယ် နည်းသေးတယ်။ ကိုယ့်ဝန်ထမ်းတွေ  အလုပ်ပေးနိုင်ဖို့အတွက်  ရာခိုင်နှုန်း အနည်းငယ်လောက်သာ ပြန်လည် ဖွင့်လှစ်ကြတာပါ''ဟု ဦးမင်းကျော်ဦးကပြောသည်။

လက်ရှိတွင် ဟိုတယ်များကို Quarantineပြုလုပ်သူများ၊ ပြည်တွင်းသွားလာမှုများကြောင့်  ဟိုတယ်လုပ်ငန်းတချို့  ပြန်လည် လုပ်ကိုင်နေရခြင်းဖြစ်သည်။ အများစုသည်  လုပ်ငန်းလည်ပတ်နိုင်သည့် အခြေအနေတွင် မရှိသေးကြောင်း၊ ယင်းအတွက်လည်း   နိုင်ငံတော်မှ    ချေးငွေများဖြင့်  ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း    သိရသည်။ ယင်းချေးငွေများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟိုတယ်၊ မိုတယ်  ၂ဝ၉၁ ခုအနက် ၃၄ဝ သည် ချေးငွေရရှိခဲ့ကြောင်း၊ ချေးငွေ ငွေကျပ် ၁၅၇၂ဝ ဒသမ ၇၄ သန်းရှိပြီး လက်ရှိတွင် ဟိုတယ်လုပ်ငန်းများ  ရာနှုန်းပြည့်နီးပါး ထိခိုက်မှု ရှိနေကြောင်း သိရသည်။