လက်ရှိဈေးကွက်အတွင်း ရောင်းချပေးလျက်ရှိသော ဆေးဝါးများနှင့် ဖြည့်စွက်စာများအား ဝယ်ယူအသုံးပြုသူများအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာ ဗဟုသုတအပေါ်မူတည်ကာ တိတိကျကျ ရှင်းရှင်းလင်းလင်း ခွဲခြားမသိရှိ ကြပေ။ အဆိုပါ အမျိုးအစား နှစ်မျိုးစလုံးသည် လိုအပ်ချက်အမှန်တကယ်ရှိသည့်အချိန်များ၌ စနစ်တကျအသုံးပြုမှသာ ကျန်းမာရေးအတွက်လည်း အထောက် အကူပြုနိုင်ပါသည်။ တစ်ဦးချင်းရောဂါဖြစ်ပွားပြီးနောက် ရောဂါကုသရေးကိစ္စများအတွက် သက်ဆိုင်ရာပါရဂူ၊ ဆရာဝန်များ၏ ညွှန်ကြားသောဆေးဝါးများရှိသကဲ့သို့ မိမိ၏ကိုယ်ခန္ဓာအတွက် လိုအပ်ချက်ရှိသော အာဟာရဓာတ်များအား ပြန်လည်ဖြည့်တင်းခြင်း၊ ကြိုတင်ကာကွယ် အသုံးပြုခြင်းများအတွက် သဘာဝမှရရှိသောပစ္စည်းများပေါင်းစပ်ပြုပြင်ထားသည့် ဖြည့်စွက်စာများလည်း ရှိပါသည်။
ဆေးဝါးများ (Drugs) ဆိုသည်မှာ လူတို့၏ ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်ဆောင်ရွက်လျက်ရှိသော်လည်း ပြင်ပမှ ပုံမှန်ယန္တရားများ ပျက်ယွင်းစေသော အချက်အမျိုးမျိုးကြောင့် ရောဂါလက္ခဏာများဖြစ်ပေါ်လာပြီး သက်သာပျောက်ကင်းစေရန် ဆေးဝါးများကို အသုံးပြုကြသည်။ ဆေးဝါးများအား သောက်ဆေး (Tablet)၊ ထိုးဆေး (Injection)၊ ရှူဆေး (Inhalation)၊ လိမ်းဆေး (Topical)၊ ခံတွင်းငုံဆေး (Lozenge) နှင့် အခြားပုံသဏ္ဌာန်မျိုးစုံဖြင့်လည်း ထုတ်လုပ်လျက်ရှိပါသည်။ ထိုသို့ အသုံးပြုလျက်ရှိသော ဆေးဝါးများ ကို သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ တရားဝင် မှတ်ပုံတင် သုံးစွဲခွင့်ရရှိရန်လည်း လိုအပ်ပါသည်။
ထို့ပြင် ဆေးဝါးများနှင့်ပတ်သက်၍ သက်ဆိုင်ရာဆရာဝန်၏ မှတ်ချက်များဖြင့်ပေးသော ဆေးဝါးများအတိုင်း ရောင်းချပေးမှုမရှိခြင်း၊ သတ်မှတ်ချက်လိုင်စင်များ၊ သင်တန်းများတက်ရောက်ထားသော ဆေးဝါးကျွမ်းကျင်သူများမှ သတ်မှတ်ချက်များအတိုင်း မဆောင်ရွက်ခြင်းများကြောင့် အချို့ဆေးများသည် သုံးစွဲသူများအကြား ဆေးယဉ်ပါးခြင်းများ၊ ဆေးအလွန်အကျွံသုံးစွဲခြင်းများအပြင် အခြားဆေးဝါးသုံးစွဲမှု စနစ်တကျမရှိခြင်းများကိုပါ ကမ္ဘာတစ်ဝန်း တွေ့ကြုံနေကြရပါသည်။ သို့ဖြစ်၍ ဆေးဝါးသုံးစွဲသူများနှင့် ရောင်းချသူများအနေဖြင့် ထုတ်ပြန်ထားသော စည်းကမ်းချက်များကိုလိုက်နာခြင်း၊ ကျွမ်းကျင်ပညာရှင်များကို မေးမြန်းဆွေးနွေး၍ အကြံပြုချက်များတောင်းခံပြီးမှသာ ဝယ်ယူသုံးစွဲသင့်ပါသည်။
ဆေးဝါးများကို ညွှန်ကြားပေးသည့် ကာလတစ်လျှောက်လုံး သုံးစွဲသင့်သည်။ အညွှန်းတွင် ဖော်ပြထားသည့် ပမာဏထက် ရောဂါပျောက်ချင်စိတ်များပြီး ပိုမိုသောက်သုံးခြင်း၊ ကြောက်ရွံ့မှုကြောင့် လျှော့သောက်ခြင်းများ မဆောင်ရွက်သင့်ပေ။ ထို့ပြင် မိမိအား သုံးစွဲရန်ပေးသော ဆေးဝါးများကို အခြားသူများအား ဝေမျှသုံးစွဲစေခြင်း၊ ထပ်ဆင့်ညွှန်ကြားပေးခြင်းများမလုပ်သင့်ပါ။ ဆေးအာနိသင်သက်ရောက်မှုသည် လိုအပ်သော ဆေးဝါးပမာဏ အတိုင်းအတာ အပေါ်များစွာမူတည်နေပြီး လူတစ်ဦးနှင့်တစ်ဦး လိုအပ်ချက်မတူညီသည့်အတွက် သီးခြားတိုင်ပင်ပြသရန် အလွန်ပင်အရေးကြီးပါသည်။
လက်တွေ့လူမှုဘဝများတွင် အလွယ်တကူဖြင့် ဆေးရောင်းချသည့်ဆေးဆိုင်များမှ ရောဂါလက္ခဏာအကြမ်းဖျင်းအား နှုတ်ဖြင့် ပြောကြားကာ လူနာစမ်းသပ်ချက်တစ်စုံတစ်ရာမရှိဘဲ ဆေးများအား “စပ်ဆေးများ” အဖြစ် ရောင်းဝယ်နေကြသည်ကို တွေ့ရနိုင် သည်။ အဓိကအားဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ထည့်သွင်းပေးခြင်းတွင် ဆေးဝါးသုံးစွဲမှုအပြည့်အဝမရရှိဘဲ ရောဂါခံစားရသူများမှ ရောဂါသက်သာချိန်တွင် ဆေးဆက်လက်မသောက်သုံးတော့သဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုများကို ခက်ခဲစွာကြုံတွေ့နေရသည်။ အခြားဆေးဝါးများဖြစ်သည့် အကိုက်အခဲပျောက်ဆေးများ တစ်စတစ်စ အလွယ်တကူသုံးစွဲရာမှ ဆေးစွဲခြင်းများ ဖြစ်ပေါ်လာသည် ကိုလည်းတွေ့နေကြရပါသည်။ အချို့နိုင်ငံများ တွင် ဆေးဝါးရောင်းချရေးနေရာများအား တိတိကျကျသတ်မှတ်ထားပြီး ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူခွင့်ရှိသောဆေးများအပြင် သာမန်အလွယ်တကူဝယ်ယူသုံးစွဲခွင့် (Over the counter) ထားရှိပြီး စနစ်တကျရောင်းချပေးသည်ကို အတုယူသင့်ပေသည်။
ထို့ပြင် လူ့ပတ်ဝန်းကျင်ရှိ ဆေးဝါးကြော်ငြာများ၏ အလွန်အကျွံ အာမခံချက်ပေးမှုများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများကို တိတိကျကျ မဖော်ပြခြင်းများ အပါအဝင် တိကျသော နိုင်ငံတကာအသိအမှတ်ပြု ဆေးဝါးဆိုင်ရာ သုတေသနများမရှိခြင်းသည် ပြည်သူလူထု အတွင်း အလွန်ဆိုးရွားစေသော အချက်များပင်ဖြစ်သည်။ ထို့ပြင် အားဖြည့်ဆေးများ၊ ဗီတာမင်ဆေးများ၊ ဆေးဖက်ဝင်အပင်များအား အခြေခံ ထုတ်လုပ်ထားသောဆေးဝါးများ၊ တိုင်းရင်း ဆေးဝါးများပုံမှန်မှီဝဲနေပါက သက်ဆိုင်ရာဆရာဝန်၊ သူနာပြုများအား အသိပေးရန် လိုအပ်သည်။ အဆိုပါပုံမှန်ဆေးဝါးများ၊ ဖြည့်စွက်ပစ္စည်းများသည် လက်ရှိရောဂါဖြစ်ပေါ်မှုကြောင့် အသုံးပြုရန် လိုအပ်သော ဆရာဝန်ညွှန်ကြားပေးသည့် ဆေးအချို့နှင့် ဓာတ်ပြုမှုများ၊ ဓာတ်ပြယ်မှုများစသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည့် အတွက်ပင်ဖြစ်သည်။
ဆေးဝါးများ သုံးစွဲသူများအနေဖြင့် မိမိသုံးစွဲသည့်ဆေးသည် မည်သည့်ဆေးအမျိုးအစား အမျိုးအမည်ဖြစ်ကြောင်း၊ မည်သည့် ရောဂါလက္ခဏာများကို သက်သာစေနိုင်မည် ဖြစ်ကြောင်း၊ မည်သည့်အချိန်များတွင် ဆေးဝါးသောက်သုံးရမည်ဖြစ်ကြောင်း၊ မည်သည့် ကာလ အပိုင်းအခြားအထိသောက်သုံးရမည်ဖြစ်ကြောင်း၊ ဆေးသောက်သုံးစဉ်ဆောင်ရန်၊ ရှောင်ရန်များကို သိရှိရမည်ဖြစ် ကြောင်း၊ အတူတကွသုံးစွဲရန် မသင့်ကြောင်း စသည့်အခြေခံအချက်အလက်များကို ကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိရှိစေနိုင်ရန် လိုအပ်သည်။ ထို့ပြင် ဆေးညွှန်ကြားချက်များပေးသည့် ကုသမှုဆိုင်ရာ ပါရဂူများအနေဖြင့်လည်း လူနာများ၏ ပညာအရည် အချင်းပေါ်မူတည်၍ ဆေးဝါးသုံးစွဲမှု အား ပိုမိုတိကျစွာ အသေးစိတ်ညွှန်ကြားပေးရန်လိုအပ်သည်။ အချို့ရောဂါ ဖြစ်စဉ် ပြင်းထန် သူများအား အတူနေအိမ်သားများကို ခေါ်ယူကာ ညွှန်ကြားပေးရပါသည်။
ဆက်လက်ဖော်ပြပါမည်။
ဒေါက်တာကျော်စိုးထွန်း
(ဥပဒေဆေး)