ဖာပွန်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ မင်္ဂလာဒုံမြို့နယ်ရှိ  တပ်မတော် ဆေးရုံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေ များအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၂

ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် ဆေးရုံဝန်းအတွင်း လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။