COVID-19 ရောဂါဖြစ်ပွား ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ (၁ဝ- ၈-၂ဝ၂ဝ)ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများ''ထံ ဆက်သွယ်ရာ၌ မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် သတိပေးနှိုးဆော်

COVID-19 ရောဂါဖြစ်ပွား ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ  (၁ဝ- ၈-၂ဝ၂ဝ)ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများ''ထံ ဆက်သွယ်ရာ၌ မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် သတိပေးနှိုးဆော်

(၂ဝ၂ဝ)ပြည့်နှစ်၊ စက်တင်ဘာလ (၂)ရက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် (၁ဝ-၈-၂ဝ၂ဝ)ရက်နေ့မှ (၂၁-၈-၂ဝ၂ဝ)ရက်နေ့အထိ   ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိလာသူ စုစုပေါင်း (၅၄ဝ၉) ဦးကို ဆက်သွယ်ရန် ဆောင်ရွက်ခဲ့ပါသည်။ (၁ဝ-၈-၂ဝ၂ဝ) ရက်နေ့မှ (၁၅-၈-၂ဝ၂ဝ)ရက်နေ့အတွင်း ရောက်ရှိလာသူ (၃၁၅၂) ဦးကို ဆေးသုတေသန ဦးစီးဌာနမှ လည်းကောင်း၊(၁၆-၈-၂ဝ၂ဝ)ရက်နေ့မှ (၂၁-၈-၂ဝ၂ဝ)ရက်နေ့ အတွင်း ပြန်လည်ရောက်ရှိလာသူ (၂၂၅၇) ဦးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနတို့မှ လည်းကောင်း ကြိုးပမ်း ဆက်သွယ်ခဲ့ပါသည်။

ဆေးသုတေသန ဦးစီးဌာနမှ ဆရာဝန်များ၊ အရာရှိများနှင့် အရာထမ်းများ (၇၁) ဦးသည် (၃ဝ-၈-၂ဝ၂ဝ)ရက်နေ့မှ (၃၁-၈-၂ဝ၂ဝ)ရက်နေ့အတွင်း ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ရာတွင် ခရီးသွားလာခဲ့သူများအနက် (၃ဝ၄၃) ဦး၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များအား ဖုန်းခေါ်ဆိုမှုပေါင်း (၆ဝ၈၈) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားလာခဲ့သူ ၁၄၆၆ ဦး (၄၈.၁၈%)မှာ ဖုန်းလက်ခံ ဖြေကြားခဲ့ပါသည်။ ထိုသူများ အနက် ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက် သတင်းပို့သူ (၇၈၂) ဦးရှိပြီး အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ (၆၆၁) ဦးရှိပါသည်။ ဖုန်းကိုင်သော်လည်း အချက်အလက် ပြန်လည်မပြောခဲ့သူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟု ပြော၍ ထပ်မံ ဆက်သွယ်မရတော့ခြင်း)မှာ ထက်ဝက်ကျော်ဖြစ်သည့် (၁၅၇၇) ဦး (၅၁.၈၂ %)ရှိသည်ကို တွေ့ရှိရပါသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ကုသရေး ဦးစီးဌာနတို့မှ ဆရာဝန်များ၊ အရာရှိများနှင့် အရာထမ်းများ (၂၃) ဦးသည် (၃ဝ-၈-၂ဝ၂ဝ)ရက်နေ့မှ (၃၁-၈-၂ဝ၂ဝ)ရက်နေ့အတွင်း ခရီးသွားလာသူများ အနက် (၁၇၁၆) ဦး၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များအားဆက်သွယ်ခေါ်ဆိုခဲ့ရာ (၇၄၆) ဦး (၄၃.၄၇ %)မှာ ဖုန်းလက်ခံဖြေကြားခဲ့ပါသည်။ ထိုသူများအနက် ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေး ဌာနများသို့ ဆက်လက် သတင်းပို့သူ (၅၂ဝ) ဦး (၆၉.၇၁ %)ရှိပြီး အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သူ (၄၈၁) ဦး (၆၄.၄၈%)ရှိပါသည်။ ဖုန်းဆက်သွယ်ခဲ့သူများ အနက်မှ ဖုန်းအဆက်အသွယ် မရရှိသူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန်ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟု ပြော၍ ထပ်မံဆက်သွယ် မရတော့ခြင်း)မှာ  (၉၇ဝ) ဦး (၅၆.၅၃ %)ရှိသည်ကို တွေ့ရပါသည်။

အဆိုပါတွေ့ရှိချက်များအရ ခရီးသွားလာခဲ့သူများ အနက်မှ ထက်ဝက်ကျော်ဖြစ်သည့် (၂၅၄၇) ဦး (၅၃.၃ %)သည် ဖုန်းပြန်လည် ဖြေကြားမှု မရှိခြင်းနှင့် လက်ခံဖြေကြားခဲ့သူ အချို့မှာလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက် သတင်းပို့ခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ရောဂါဆက်လက် မပြန့်ပွားစေရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ အလွန်အားနည်းနေသည်ကို တွေ့ရှိရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရှိ ဆရာဝန်များနှင့် ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ကြိုးပမ်း ဆက်သွယ်ရခြင်းမှာပြည်သူ အကျိုးရှေးရှု၍ ပြည်သူများအကြားတွင် ရောဂါကူးစက်မှု အဆင့်ဆင့် ဆက်လက် မဖြစ်ပေါ်စေရေး ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် တွေ့ရသော COVID-19  ရောဂါဖြစ်ပွားနေသူများ အနက် (၇၁ %)သည် အမြင်အားဖြင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ နေကောင်း ကျန်းမာစွာဖြင့်ရှိသော်လည်း ရောဂါပိုးကို သယ်ဆောင်ကာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ရောဂါဆက်လက် ဖြန့်ဖြူးနေနိုင်သူဖြစ်ရန် အခွင့်အလမ်း အလွန်များပြားလျက်ရှိပါသည်။

ထိုသို့ ရောဂါပိုး သယ်ဆောင်သူများမှတစ်ဆင့် ချစ်ခင်ရသော မိသားစုဝင်များ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူများနှင့် နာတာရှည်ရောဂါ(ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါ) ရှိသူ မိဘ/ဘိုးဘွား/ဆွေမျိုးများထံ အလွန်လျင်မြန်စွာ ဆက်လက်ကူးစက်ရာမှ ၎င်းတို့ကို အသက်သေဆုံးစေနိုင်သည်အထိ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။

ထို့ပြင်  မိသားစုနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းများ၊ သူငယ်ချင်း မိတ်ဆွေများထံသို့ အဆင့်ဆင့် ဆက်လက် ကူးစက်စေနိုင်သည့်အတွက် ခရီးသွားခဲ့သူအနေဖြင့် ပြန်လည် ရောက်ရှိနေထိုင်ရာ ဒေသအတွင်းတွင် ရောဂါစတင်ဖြစ်ပွား ကူးစက်စေသူ အဖြစ်ရောက်ရှိကာ တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူခြင်း ခံရနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအတွင်း ရောဂါဆက်လက် အဆင့်ဆင့်ပြန့်ပွားမှုများ မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင် ပေးကြပါရန်နှင့် ထုတ်ပြန်ကြေညာထားသော အမိန့်ညွှန်ကြားချက်များ လိုက်နာမှုမရှိခြင်း/ ချိုးဖောက်ခြင်း၊ သတင်း ထိမ်ချန်မှုပ ြုလုပ်ခြင်းများကို တွေ့ရှိရပါက တည်ဆဲဥပဒေ ဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေး နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန