မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၂) အပြီးတွင် ဂိုးသွင်းအများဆုံး စာရင်း၌ ဟံသာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး အီမီကာ ဦးဆောင်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ် (၁၂) အပြီးတွင်    ဟံသာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး အီမီကာက သွင်းဂိုး ၁၀ ဂိုးဖြင့် ဂိုးသွင်း အများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံး၌ ဦးဆောင်နေသည်။

အီမီကာသည်  သြဂုတ်  ၃၀  ရက်က  ဟံသာဝတီယူနိုက်တက်အသင်းနှင့်  ISPE  အသင်းတို့ပွဲစဉ်တွင် ပယ်နယ်တီ ပြစ်ဒဏ်မှတစ်ဆင့်  တစ်ဂိုးသွင်းယူကာ  စုစုပေါင်းသွင်းဂိုး  ၁၀  ဂိုးဖြင့်  ဂိုးသွင်းအများဆုံး စာရင်း၌ ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင်  ဟံသာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူးဘစ်ဆာနှင့်  ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး ဆာဆက်တို့က သွင်းဂိုးရှစ်ဂိုးစီဖြင့် ဒုတိယ၊  စစ်ကိုင်းယူနိုက်တက်အသင်း တိုက်စစ်မှူး   ပက်ထရစ်က   ခုနစ်ဂိုးဖြင့်   တတိယနှင့် ရတနာပုံအသင်း တိုက်စစ်မှူး အောင်သူက ခြောက်ဂိုးဖြင့် စတုတ္ထနေရာ၌ ရပ်တည်နေသည်။

တိုက်စစ်မှူးအီမီကာနှင့်   ဘစ်ဆာတို့သည်   ယခုနှစ် ဘောလုံးရာသီအစတွင် ဟံသာဝတီယူနိုက်တက် အသင်းသို့ ရောက် ရှိခဲ့ပြီး  လက်ရှိတွင်  ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းတို့နှစ်ဦး တိုက်စစ်အတွဲမှ သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

၂၀၂၀  မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ် (၁၂) အပြီးတွင် ဟံသာဝတီယူနိုက်တက် အသင်းက ကိုးပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ၂၇ မှတ်ဖြင့်   အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး    ဧရာဝတီယူနိုက်တက် အသင်းက  ရမှတ် ၂၄ မှတ်ဖြင့် အဆင့် (၂)၊ ရန်ကုန်ယူနိုက်တက် အသင်းက ရမှတ် ၂၀  ဖြင့်  အဆင့် (၃)  နေရာ၌  အသီးသီး ရပ်တည်နေသည်။

ဆောက်သမ်းမြန်မာ အသင်းက   နိုင်ပွဲ မရရှိသေးဘဲ ခုနစ်ပွဲရှုံး၊ သုံးပွဲသရေ ရမှတ် သုံးမှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံး ၌ ကျရောက်နေသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၃) ကို စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာကွင်းများ၌ ဆက် လက်ကျင်းပလျက် ရှိကြောင်း သိရသည်။                     

ကိုရဲ