CERP အစီအစဉ်အရ ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ အတွက် ထောက်ပံ့မှုများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ

COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP)အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/တိုက်ပွဲရှောင်စခန်းများမှ နေရပ် စွန့်ခွာ အိမ်ထောင်စုများအား စားသောက်ကုန်ငါးမျိုး ဝယ်ယူရန် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄ဝဝဝဝ နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့    ထောက်ပံ့ငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို  သြဂုတ်  ၂၁ ရက်က Virtual Meeting အဖြစ် ကျင်းပ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

အဆိုပါ   CERP အစီအစဉ်အရ စားသောက်ကုန်ငါးမျိုး ဝယ်ယူရန်အတွက် ကျောက်ဖြူမြို့    ကျောက်တစ်လုံး    IDP  စခန်းရှိ အိမ်ထောင်စု ၃၆၃ စုတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၄၅၂ဝဝဝဝ အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  စက်တင်ဘာ  ၁  ရက်တွင် ထောက်ပံ့ခဲ့သည်။

ထို့အတူ မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ကန်စောက်စုရပ်ရှိ အိမ်ထောင်စု ၁၃၆ စု၊ တောင်မင်းကုလားစုရပ်ရှိ အိမ်ထောင်စု ၁ဝဝ စု၊ ဝါးတောင်စုရပ်ရှိ အိမ် ထောင်စု ၂၁၉ စု၊ ညောင်ချောင်းစုရပ်ရှိ အိမ်ထောင်စု ၅၃၈ စု၊ မြို့သစ်ရပ်ကွက် နေပူခံစခန်းရှိ  အိမ်ထောင်စု  ၃၁၂  စု၊ မီးရထားဘူတာစုရပ်ရှိ အိမ်ထောင်စု ၁၉၄ စု၊ ရှမ်းရွာ ဘုန်းတော်ကြီးကျောင်းရှိ အိမ် ထောင်စု ၉၈ စု၊ သိမ်ကျောင်းဘုန်းတော် ကြီးကျောင်းရှိ   အိမ်ထောင်စု  ၈၆  စု၊ ကဝိရတနာဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၄၄၆ စု၊ မှန်ကျောင်း ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၈၈ စု၊ ဇောတိ ကာရုံဘုန်းတော်ကြီး ကျောင်းရှိ အိမ်ထောင်စု  ၃၉  စု၊  မဟာကံကြီးသျှင် ဘုရားရှိ  အိမ် ထောင်စု ၁၅ဝ စု၊ မြို့တော်ခန်းမရှိ အိမ် ထောင်စု ၁၂၄ စု၊ သိမ်ပြင်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၅၅ စု၊ ခရစ်တော် ကျောင်းရှိ အိမ်ထောင်စု ၁၂၆ စု၊ မြို့မ ရွှေကျောင်းရှိ အိမ်ထောင်စု ၁၂၃ စု၊ မြို့နယ် သာသနာ့ဗိမာန်ရှိ အိမ်ထောင်စု ၃၅ စု စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ် ၁၇ ခုရှိ  အိမ်ထောင်စု ၂၈၆၉ စုတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၁၄၇၆ဝဝဝဝ ကို မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့တွင် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်၊   ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ရပ်မိရပ်ဖ များရှေ့မှောက်တွင် ထောက်ပံ့ခဲ့ကြောင်းနှင့် ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ် တို့ရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။