ရန်ကုန် - မန္တလေးရထားလမ်းပိုင်း၌ အသုံးပြုမည့် ဂျပန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU)ရထားတွဲဆိုင်းသစ်ခြောက်တွဲသည် စက် တင်ဘာ ၄ ရက်က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးအောင်သူ လတ်၏ပြောဆို ချက်အရ သိရသည်။ '' DEMU ရထားတွဲဆိုင်းသစ် ခြောက်တွဲ စက်တင်ဘာ ၄ ရက် ညနေမှာရောက် တယ်။ လောလောဆယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ပထမဆုံးတစ်ဆိုင်း စရောက်တာပါ'' ဟု ဦးအောင်သူလတ်က ပြောသည်။ မြန်မာ့မီးရထားသည် ဂျပန်နိုင်ငံမှ ပထမအဆင့် အနေဖြင့် DEMU ရထား တွဲ ၂၄ တွဲ ဝယ်ယူထားခြင်းဖြစ်ပြီး ယခု ပထမအကြိမ် ခြောက်တွဲရောက်ရှိခြင်း ဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို မြန်မာ့ မီးရထားမှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ODA (Official Development Assistance) ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးပါက ရထားတွဲသစ်များဖြင့် ပြေးဆွဲရန် စီစဉ်ထားကာ အဆိုပါရထား တွဲဆိုင်းသစ်များကို သြဂုတ် ၂၁ ရက်က ဂျပန်နိုင်ငံ နီဂတဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ '' DEMU က ခရီးစဉ်ဝေးဝေးသွား လို့ရတယ်။ RBE က မြို့တွင်းလောက်နဲ့ မိုင် ၁ဝဝ အောက်ပဲသွားလို့ရတယ်။ အဝေးကြီးသွားလို့မကောင်းဘူး။ DEMU ့ကျတော့ မိုင် ၁ဝဝ ကျော်အထက်၊ မိုင် ၆ဝဝ လောက်သွားလို့ရတယ်။ တစ်တွဲ ချင်းမှာ RBE လိုပဲ စက်ခေါင်းပါတယ်။ လူလည်းစီးလို့ရတယ်'' ဟု ဦးအောင်သူ လတ်ကပြောသည်။
အဆိုပါ ရထားတွဲဆိုင်းသစ်များမှာ မြန်မာနိုင်ငံ၌ ပထမဆုံးအသုံးပြုမည့် တွဲ ဆိုင်းသစ်များဖြစ်ပြီး ထိုစီမံကိန်းကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုတိုးတက်လာစေမည့်အပြင် ပိုမိုခေတ် မီသည့် ရထားပို့ဆောင်ရေးစနစ်သို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။ ရန်ကုန်-မန္တလေးရထား လမ်းပိုင်း အဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) ရန်ကုန်- တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန်လျာထားပြီး အဆင့် (၂) တောင်ငူ-မန္တလေး လမ်းပိုင်းကို ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိရာ စီမံကိန်းပြီးစီးပါက ရန်ကုန်မှ မန္တလေး အထိ ကြာချိန် ရှစ်နာရီဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။