လူကောင်းလူတော် လူတော်လူကောင်းဖြစ်စေကြောင်း

နိုင်ငံတော်ကိုလည်းကောင်း၊ တပ်မတော်ကိုလည်းကောင်း အနာဂတ်တွင်ပိုင်ဆိုင်ခွင့်ရမည့်သူများမှာ ယနေ့လူငယ်မောင်မယ်များဖြစ်သည်။ လူသားတို့သည် သံသရာခရီးသွားများဖြစ်ပေရာ လူကြီးများ နေရာတွင် လူငယ်များနေရာယူကြရမည်မှာ လောကနိယာမဖြစ်သည်။ ထို့ကြောင့်လည်း လူကြီးများက မိမိတို့ပခုံးပြောင်းတာဝန် ပေးမည့်လူငယ်များကို အစစအရာရာမှာတော်စေချင်သည်၊ တတ်စေချင်သည်၊ သိစေချင်သည်။ လူငယ်တိုင်းလူတော်များ လူကောင်းများဖြစ်စေချင်ကြသည်မှာ လူကြီးများ၏ ဆန္ဒဖြစ်သည်။ အထူးသဖြင့် ယနေ့လူငယ်များကို အနှစ်သာရပြည့်ဝသော မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးယုယစွာ၊ ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းစောင့်ရှောက်စေချင်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်မျိုးမဟုတ်ဘဲ မြတ်စွာဘုရား၏ အဆုံးအမသြဝါဒများနှင့် ကြီးပွားချမ်းသာကြောင်း မင်္ဂလာ တရားတော်များကို လိုက်နာကျင့်ကြံကြစေချင်သည်။ မိဘဆရာနှင့် လူကြီးသူမတို့အား ရိုသေ လေးစားသည့် ဂါရဝတရားကိုအလေးထားစေချင်သည်။ မိဘများကိုယ်တိုင်က မိမိတို့၏ သားသမီးများ စကားပြောဆိုတတ်သည့် အရွယ်မှစ၍ သြကာသကန်တော့ချိုးကို ဖြောင့်ဖြောင့်တန်းတန်း မှန်မှန် ကန်ကန်ရွတ်ဆိုရှိခိုးတတ်အောင် သင်ကြားပေးသင့်သည်။

သို့မဟုတ်ဘဲ မိဘကလည်း နေသာသလိုနေ၍ သားသမီးများကို ဘာသာအမွေကောင်း မပေးထားသော် ရေခြားမြေခြား ဘာသာခြားတို့၏ ဝတ်စားဆင်ယင်မှု၊ သီဆိုကပြမှုနှင့် ဟီရိသြတ္တပ္ပကင်းသော အမူဓလေ့တို့ကို အထင်ကြီးကာ အတုယူမှားတတ်သည်။ အထိန်းအကွပ်မရှိသော နိုင်ငံရပ်ခြား စာပေဂီတရုပ်ရှင်များကို အခြေခံ၍တဏှာရာဂနှင့် မောဟအမိုက်မှောင်တိုးပွားစေသော ဝတ်စား ဆင်ယင်မှု၊ သီဆိုကပြမှုနှင့်အမူအကျင့်ဆိုးများ နောက်လိုက်ပါကာ မကောင်းမှုဒုစရိုက်တို့ကို တိုးပွား လာပေလိမ့်မည်။ မကောင်းမှုဒုစရိုက်မှန်သမျှသည် အကုသိုလ်ကံများကိုဖြစ်ပွားစေပြီး အပါယ်လေးပါးသို့ ပို့ဆောင်ပေးသည်ကို လူငယ်များသိရှိစေချင်သည်။ မိဘတိုင်းသည် မိမိတို့သားသမီးများအား ''ဆင်စီး၍ မြင်းရံသည်''ကိုသာတွေ့မြင်လိုကြသည်။ ဆင်နင်း၍ မြင်းကန်သည်ကိုမလိုလားကြပေ။ အပါယ်လေး ဝသို့ ကျရောက်မည်ကို အဘယ်မှာလျှင်အလိုရှိကြပါမည်နည်း။ မြန်မာတို့သည် ဗုဒ္ဓဘာသာပေါ်အခြေခံ၍ မြန်မာ့ယဉ်ကျေးမှုကိုတည်ဆောက်ထားခြင်းဖြစ်ပေရာ ဗုဒ္ဓဘာသာသည် မေတ္တာတရား၊ ကိုယ်ချင်း စာတရားတို့ကို အလေးထား၍ သူတစ်ပါးတို့အား မထိခိုက်မနစ်နာစေဘဲ အပြစ်ကင်းအောင်ပြုမူ၊ ပြောဆို၊ ကြံစည်ကြရန်သွန်သင် ဆုံးမပေးထားသည်။ ထို့ပြင် သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ် စသည့်ကျင့်ဝတ်များသည်လည်းကောင်း၊ ကြီးပွားချမ်းသာကြောင်း ဖြစ်သော မင်္ဂလာတရားတို့သည်လည်းကောင်း၊ ဓမ္မပဒစသောကျမ်းဂန်များနှင့် နီတိကျမ်းများလာ အဆုံးအမသြဝါဒများသည်လည်းကောင်း မြန်မာတို့အား ယဉ်ကျေးမှုအရာ၌ အထွတ်အထိပ်သို့ ရောက်အောင် ပို့ဆောင်ပေးလျက်ရှိသည်။ ဤအတိုင်းကျင့်ကြံလုပ်ဆောင်လျှင် ပျော်ရွှင်ချမ်းမြေ့ဖွယ် ကောင်းသော အိမ်ထောင်စုများနှင့် လူ့အဖွဲ့အစည်းများဖြစ်ထွန်းပေါ်ပေါက်စေသည်။ သူတစ်ပါး၏ အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ပစ္စည်းဥစ္စာကို ခိုးဝှက်လုယူခြင်း၊ ကာမဂုဏ် တို့၌ မှားယွင်းစွာကျင့်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ မူးယစ်ဆေးဝါးများကို သယ်ဆောင်သုံးစွဲခြင်း စသည်တို့သည် တရားဥပဒေကိုချိုးဖောက်သော ဒုစရိုက်မှုများဖြစ်သည်။ ထိုဒုစရိုက်မှုများ မဖြစ်ပွား အောင်အကောင်းဆုံး တားဆီးသည့်နည်းကား ရင်သွေးငယ်များ၏ နှလုံးသည်းပွတ်တွင် မြတ်စွာ ဘုရား၏ အဆုံးအမသြဝါဒများ ကိန်းဝပ်အောင်လုပ်ဆောင်ပေးသည့် နည်းဖြစ်သည်။ ဗုဒ္ဓဘာသာ ဝင်တိုင်း ငယ်စဉ်ကတည်းက မလွဲဧကန်အမှန်သိရှိနားလည်ထားကြရမည့် ဗုဒ္ဓဘာသာ၏ အခြေခံ အကြောင်းတို့ကို အထိုက်အလျောက်တတ်သိနားလည်ထားပါမှ ထိုရတနာသုံးပါးနှင့် ကံကံ၏ အကျိုးတို့ကိုယုံကြည်မည်။ ကံနှင့်ကံ၏အကျိုးတို့ကို ဖော်ဆောင်ထားသော ကမ္မနိယာမသည် အလွန်ဆန်းကြယ်သည်။ မိမိပြုလုပ်ဆောင်ရွက်မှုကို မိမိသာတာဝန်ယူရသည်။ ဆိုလိုသည်မှာ သူတစ်ပါး တို့အား စိတ်ဆင်းရဲအောင်၊ထိခိုက်နစ်နာအောင်ပြုလုပ်သူသည် မျက်မှောက်ဘဝနှင့်တမလွန်ဘဝတို့၌ မကောင်းကျိုးဆင်းရဲဒုက္ခကို မုချခံစားရမည်သာဖြစ်သည်။ သူတစ်ပါးတို့အား စိတ်ချမ်းသာအောင်၊ အကျိုး ရှိအောင်၊ ကုသိုလ်တိုးပွားအောင် ရွက်ဆောင်ပေးသူသည်ယခုဘဝနှင့်တမလွန်ဘဝတို့၌ ကောင်းကျိုးချမ်းသာကိုဧကန်ခံစားကြရပေမည်။ ဤသည်မှာမလွဲနိုင်သောအမှန်တရား၊ လောကနိယာမ တရားပင်ဖြစ်သည်။ ဘယ်သူမပြုမိမိမှုဆိုစကားအတိုင်း ကောင်းမှုပြုလျှင်ကောင်းကျိုးရမည်။ မကောင်းမှုပြုလျှင်မကောင်းကျိုးရပေမည်။ ထို့ကြောင့် ယနေ့လူငယ်မောင်မယ်များလူတော်လူကောင်း၊ လူကောင်းလူတော်များဖြစ်စေရေးအတွက် လူကြီးမိဘဆရာသမားတို့၏ ပဲ့ကိုင်ထိန်းကျောင်းမှုသည် လွန်စွာအရေးပါသောအနေအထားဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။