နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံသံအမတ်ကြီးများအား  Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးကြိုးပမ်းမှုများ ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် (၅၃)ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ယနေ့နံနက် ၁ဝ နာရီ တွင် Video Conferencing စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံတွေ့ဆုံပြီး COVID-19 ကူးစက် ရောဂါတိုက်ဖျက် ရေးဆိုင်ရာ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များနှင့် အတွေ့ အကြုံများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။ အဆိုပါ Video Conferencing သို့ အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေး ရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ဘရူနိုင်းနိုင်ငံမှ သံရုံးယာယီတာဝန်ခံတို့ ပါဝင် တက်ရောက် ဆွေးနွေးကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် COVID-19 ကူးစက် ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယနေ့ကျင်းပသည့် Video Conference မှတွေ့ဆုံမှုက အာဆီယံ၏ စည်းလုံးညီညွတ်ပြီး အတူတကွပေါင်းစည်းသည အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း နိုင်စေခဲ့ကြောင်း၊  မြန်မာနိုင်ငံသားများ နေရပ်သို့ပြန်နိုင်ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ မြန်မာအစိုးရမှ စီစဉ်ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြသည့်အတွက် ရန်ကုန်မြို့အခြေစိုက် အာဆီယံသံရုံးများအား ကျေးဇူးတင်ရှိကြောင်း၊ COVID-19 ကူးစက်ရောဂါကြောင့် စိန်ခေါ် မှုများရင်ဆိုင်နေရသည့်ကာလတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စံနမူနာပြုထိုက်စွာထမ်း ဆောင်သည့် ဗီယက်နမ်၏အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို စုပေါင်း တုံ့ပြန်ကြရာတွင် '' COVID-19 ကူးစက်ရောဂါတုံ့ပြန်ရေးတွင် ကုန်စည်များစီးဆင်းနိုင်မှု ချိတ်ဆက် ဆောင် ရွက်နိုင်ရေးနှင့် အာဆီယံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ဟနွိုင်းလုပ်ငန်းစဉ်''ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် အာဆီယံသံအမတ်ကြီးများက ၄င်းတို့၏နိုင်ငံရှိ COVID-19 ကူးစက် ရောဂါဆိုင်ရာ နောက်ဆုံး အခြေအနေများနှင့်   ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ၄င်းတို့အစိုးရအသီး သီး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံ သံအမတ်ကြီးများက COVID-19 ကူးစက် ရောဂါတုံ့ပြန်ရေးဆိုင်ရာ သတင်းအချက် အလက်များ၊ အတွေ့အကြုံများနှင့် အလေ့အထကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။