ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဘုရားစေတီတော်၌ မြေထိန်းနံရံများ တည်ဆောက်ခြင်း လုပ်ငန်းများကူညီ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၄

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဆုတောင်းပြည့် ခလဲပင်စေတီတော်သည် စေတီတော်ဘေးရှိ သဘွတ်ချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် စေတီတော်ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် မြေထိန်းနံရံ တည်ဆောက် ခြင်းနှင့်ပြန်လည် မွမ်းမံရေးလုပ်ငန်းများကို ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကလိန်အောင် တပ်နယ်မှ တပ်မတော်သားများက ကူညီဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ပြီးလိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါစေတီတော်အား ရေတိုက်စားမှုဒဏ် ခံနိုင်ရန် ဇူလိုင် ၁၃ရက်မှစတင်၍ တပ်နယ်မှ တပ်မတော်သားများက မြေထိန်းနံရံများ ကျောက်စီခြင်းနှင့် ဘိလပ်မြေလောင်း၍ ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့သော်လည်း ယခုအခါ သဘွတ်ချောင်း ရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျမှုအား ထပ်မံ ကူညီ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။