ချင်းပြည်နယ်တောင်ပိုင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

မင်းတပ်  စက်တင်ဘာ ၄

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့်ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကန်ပက်လက်မြို့နှင့်မင်းတပ်မြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်တိုးချဲ့ လူနာဆောင် တည်ဆောက်နေမှုနှင့် မင်းတပ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း စာသင်ဆောင်ဆောက် လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့သို့ရောက်ရှိကြပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံနှစ်ထပ်တိုးချဲ့ လူနာဆောင်တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက လုပ်ငန်းပိုင်း ဆိုင်ရာများကိုရှင်းလင်းတင်ပြသည်။ အဆိုပါနှစ်ထပ်တိုးချဲ့လူနာဆောင်သည် အလျားပေ ၁၅ဝ၊ အနံ ၆၂ ပေနှင့် အမြင့်၂၈ ပေရှိ သံကူကွန်ကရစ်နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၆၇၁ ဒသမ ၂၂ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတသည် ကန်ပက် လက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကန်ပက်လက်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။ ယင်းနောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလအတွင်း ကန်ပက်လက်မြို့နယ်တွင်   စေတနာ့ဝန်ထမ်း   Volunteer ထမ်းဆောင်ခဲ့သူများအား ထောက်ပံ့ငွေများပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးတင်မြင့်က ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကန်ပက်လက်မြို့မှ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရှိ ချင်းတောင်ရတနာ ''ဝ''  ဥ အလွှာခြောက် စက်ရုံ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိကြရာ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူးဦးကျော်သူက စက်ရုံဆိုင်ရာ အချက်အလက်များ၊ ''ဝ'' ဥမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နေမှု၊ ''ဝ''ဥလွှာအခြောက်ခံစက်စမ်းသပ် လည်ပတ်နေမှု၊ ''ဝ'' ဥစိုက်ပျိုးခြင်းကို အကျိုးတူလယ်ယာ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကိုမေးမြန်းသည်။

ယင်းနောက် ဒုတိယသမ္မတသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်)ယာယီ ရှင်းလင်းဆောင်သို့  ရောက်ရှိရာ ကျောင်းအုပ်ကြီး  ဦးအောင်ထိုက်သူက ကျောင်းဆိုင်ရာ အချက် အလက်များနှင့်ဆောက်လုပ်ဆဲ ကျောင်းအဆောက်အအုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း(မင်းတပ်)တွင် အဆောက်အအုံနည်းပညာ သင်တန်း၊ အီလက်ထရွန်နစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ လျှပ်စစ် နည်းပညာသင်တန်းနှင့် သုတေသနနည်းပညာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကာလတို သင်တန်းများအဖြစ် အခြေခံကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း နှင့်အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထို့နောက် ဒုတိယသမ္မတသည် မင်းတပ်မြို့ မြို့မဈေးခန်းမ၌ မင်းတပ်မြို့ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကာလအတွင်း

ကန်ပက်လက်မြို့နယ်တွင် စေတနာ့ဝန်ထမ်း Volunteer ထမ်းဆောင်ခဲ့သူများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်သည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။