တရုတ်ပြည်သူများနှင့် ကွန်မြူနစ်ပါတီကြား ပြည်ပစွက်ဖက်မှုကို လုံးဝလက်မခံဟု ရှီကျင့်ဖျင်ပြော

ပေကျင်း၊ နိုင်ငံရေး

တရုတ်ပြည်သူများနှင့်ကွန်မြူနစ်ပါတီကြား ပြည်ပစွက်ဖက်မှုကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် ထိုသို့စွက်ဖက်မှုကြောင့် မည်သည့်ပြောင်းလဲမှုမျှ ဖြစ်လာမည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်ထိပ်တိုက်တွေ့ဆုံမှုများရှိနေစဉ် ရှီကျင့်ဖျင်က ဒုတိယကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ်အခမ်းအနား၌ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူလူထုကိုခွဲထုတ်ရန် ကြိုးပမ်းသော မည်သည့် လှုပ်ရှားမှုမျိုး ကိုမဆို တရုတ်ပြည် သူများကလက်ခံမည်မဟုတ်ကြောင်းနှင့် ရှီကျင့်ဖျင်ကဆက်ပြောသည်။ ထို့ပြင် တရုတ်ပြည်သူများသည် ကွန်မြူနစ်ပါတီသမိုင်းအား လိုရာဆွဲ၍မမှန်မကန်ပြောခြင်းနှင့်   ပါတီ၏ ရည်မှန်းချက်ကို သွားပုပ်လေလွင့်ပြောခြင်းများကိုလည်း ခွင့်လွှတ်မည်မဟုတ်ဟု ၄င်းကဆိုသည်။ ရှီကျင့်ဖျင်၏ မိန့်ခွန်းပြောဆိုပုံကိုကြည့်ခြင်းအားဖြင့် ၄င်းတို့၏မူဝါဒများအပေါ်ပြည်ပမှ စိန်ခေါ်လာ မှုများနှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်များ၏ စိတ်ခံစားချက်ပြင်းထန်ပုံကို တွေ့မြင်ရကြောင်း နိုင်ငံရေး လေ့လာသူများကပြောသည်။ အဆိုပါအခမ်းအနား၌ ရှီကျင့်ဖျင်သည် စစ်ပြန်ကြီးများ၊ သူရဲကောင်းများကိုအလေးပြုကာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကိုတွန်းလှန်တိုက်ခိုက်စဉ် ကူညီပေးသော ကမ္ဘာပေါ်ရှိမိတ်ဆွေသူငယ်ချင်းများကိုကျေးဇူးတင်ကြောင်း ပြောသည်ဟုသိရသည်။