ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာ အရွယ်အစားပေါင်းစုံရှိတဲ့ သက်ရှိတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အကြီးဆုံးဆိုတဲ့သတ္တဝါတွေ ကိုယ်စီရှိပါတယ်။ ဒီသတ္တဝါတွေကို အမျိုးအစားခွဲလိုက်မယ်ဆိုရင် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်များ၊ ကုန်းရေနှစ်သွယ်သွားဆိုပြီး အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။ ဒီတစ်ပတ်အတွက် ရှာဖွေလေ့လာသားရဲ့ကမ္ဘာကဏ္ဍကနေ တင်ဆက် ပေး ချင်တာကတော့ ကမ္ဘာပေါ်က သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အကြီးဆုံး၊ အရှည်ဆုံးဆိုတဲ့ သတ္တဝါ အမျိုးမျိုးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးတကာ့အကြီးဆုံး - အပြာရောင်ဝေလငါး
ကမ္ဘာကြီးရဲ့ရေပြင်၊ မြေပြင်၊ ဝေဟင်မှာရှိတဲ့ အကြီးဆုံးသော ဆိုတဲ့သတ္တဝါတွေထက ်ပိုကြီးတဲ့ သတ္တဝါကတော့ အပြာရောင်ဝေလငါးပါပဲ။ အရှည်အားဖြင့် ပေ ၁ဝဝ ဝန်းကျင်၊ အလေးချိန်အားဖြင့် တန် ၁၈ဝ အထက်ရှိတဲ့ အပြာရောင်ဝေလငါးရဲ့လျှာကတင် ၂ ဒသမ ၇ တန်ရှိပါတယ်။ ဒါဟာ အာရှ ဆင်တစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်နဲ့ အတူတူပါပဲ။ သူ့ရဲ့နှလုံးကတော့ ပေါင် ၁၃ဝဝ ရှိတဲ့အတွက် ဘယ်လိုသတ္တဝါမဆိုရဲ့နှလုံးထက် အဆမတန်ကြီးမားကာ သူ့ရဲ့အရွယ်အစားက မီနီကူးပါးကား တစ်စီးနဲ့ တန်းတူဖြစ်ပါတယ်။ ဒီလောက်အထိကြီးမားလှတဲ့ အပြာရောင်ဝေလငါးတွေရဲ့ အစာက ကြီးမားတဲ့ တခြားရေနေသတ္တဝါတွေလို့ ထင်ပါသလား။ ဒါဆိုရင်တော့ မှားတယ်လို့ပြောချင်ပါတယ်။ တကယ်တမ်း တော့ သူတို့အတွက်အစာက ကရေးလို့ခေါ်တဲ့ ပုစွန်ဆိတ်ငယ်လေးတွေပါ။ နွေရာသီလို အစာစားတဲ့ ရာသီမှာဆိုရင် အပြာရောင်ဝေလငါးတွေတစ်ရက်တာစားတဲ့ ပုစွန်ဆိတ်ငယ်စုစုပေါင်းရဲ့အလေးချိန်က ပေါင် ၇၉ဝဝ ကျော်ရှိပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးအပြာရောင်ဝေလငါးတစ်ကောင်ဟာ သူတို့အနေနဲ့ လိုအပ်တဲ့တစ်ရက်တာကယ်လိုရီအတွက် ကရေးပုစွန်ဆိတ်အကောင်ပေါင်း သန်း ၄ဝ ကျော်ကိုစားသုံးတယ်လို့ ခန့်မှန်းတွက်ချက်ရပါတယ်။
မြေပြင်ပေါ်ကအကြီးဆုံး - အာဖရိကဆင်
အာဖရိကဆင်ရိုင်းတွေကတော့ ကမ္ဘာ့မြေပြင်ပေါ်မှာ အရွယ်အစားအရအကြီးဆုံးနဲ့ အလေးချိန် အရအများဆုံးသတ္တဝါဖြစ်ပါတယ်။ ဆင်ထီးတွေဆိုရင် သူတိုရဲ့ခန္ဓာကိုယ်အလျားက ပေ ၂ဝ နီးပါးမှသည် ၂၅ ပေနီးပါးအထိရှိပါတယ်။ ခြေထောက်ကနေ သူတို့ရဲ့ပခုံးအထိအရပ်အမြင့်ဟာ ၁၁ ပေနီးပါးရှိပါတယ်။ အလေးချိန်ကတော့ ၆ တန်ပါ။ ဆင်မတွေကတော့ ဆင်ထီးနဲ့ယှဉ်ရင် ပိုမိုသေးငယ်လေ့ရှိပါတယ်။ သူတို့ဟာ အလျား ၁၈ ပေဝန်းကျင်ကနေ ၂၂ ပေခွဲဝန်းကျင်အထိ၊ အရပ်အမြင့် ၉ ပေနီးပါးနဲ့ အလေးချိန် ၃ တန်ရှိပါတယ်။ အရွယ်ရောက်ပြီးသား အာဖရိကဆင်တွေအတွက်တော့ သူတို့ကိုရန်ပြုမယ့် သားရဲ တိရစ္ဆာန်တွေမရှိပါဘူး။ ဒါပေမဲ့ ဆင်ပေါက်လေးတွေ အထူးသဖြင့် မွေးကင်းစလေးတွေဟာ ခြင်္သေ့၊ မိကျောင်းတို့ရဲ့တိုက်ခိုက်မှုကို အများဆုံးခံရနိုင်လေ့ရှိပြီး ကျားသစ်နဲ့ ဟိုင်အီးနား တို့ရဲ့တိုက်ခိုက်မှုကို ခံရတာတော့ရှားပါတယ်။
ကမ္ဘာမြေပေါ်ကအရပ်အရှည်ဆုံး - သစ်ကုလားအုတ်
လည်တံရှည်ရှည်နဲ့သစ်ကုလားအုတ်တွေကတော့ ကမ္ဘာမြေပေါ်မှာ အရပ်အရှည်ဆုံး နို့တိုက်သတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့မတ်တတ်ရပ်နေချိန်မှာ အရပ်အမြင့်က ၁၆ ပေကနေ ပေ ၂ဝ အထိရှိပြီး အလေးချိန်ကတော့ အထီးတွေဆိုရင် ပေါင် ၃၅ဝဝ နဲ့ အမတွေဆိုရင် ပေါင် ၁၈ဝဝ လောက်ရှိပါတယ်။ သစ်ကုလားအုတ်တွေရဲ့ တခြားသတ္တဝါတွေနဲ့ကွဲပြားမှုဖြစ်တဲ့ သူတို့ရဲ့လည်ပင်းကတော့ ၇ပေနီးပါးအထိ ကိုရှည်ပါတယ်။ သူတို့ရဲ့လည်ပင်းဟာ အလွန်ရှည်လျားလှတဲ့ ကျောရိုးကြီးမဟုတ်ပါဘဲ အချိုးအစား မမျှတတဲ့ လည်ပင်းရိုးကြီးသာဖြစ်ပါတယ်။
ကမ္ဘာပေါ်ကအကြီးဆုံးသောအသားစားသတ္တဝါ - ပင်လယ်ဖျံကြီးမျိုး
တောင်ပိုင်းပင်လယ်ဖျံကြီးမျိုးတွေဟာ ကမ္ဘာပေါ်က အကြီးဆုံးသော အသားစားသတ္တဝါတွေဖြစ်ပြီး အထီးတွေနဲ့အမတွေဟာ အရွယ်အစားအားဖြင့် အလွန်ကွာခြားလေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့် အထီးတွေဟာအမတွေထက် ငါးဆကနေခြောက်ဆအထိပိုမိုကြီးမားကာ အမတွေက အလေးချိန်ပေါင် ၈ဝဝ ကနေ ၂ဝဝဝ ကြားရှိချိန် အထီးတွေကတော့ ပေါင် ၄၉ဝဝ ကနေ ၈၈ဝဝ အထိရှိပါတယ်။ အလျားအားဖြင့်ဆိုရင်လည်း အမတွေက ၈ ပေခွဲကနေ ၁ဝ ပေနီးပါးသာရှိပြီး အထီးတွေက ၁၅ ပေကနေ ၁၉ ပေ အထိရှိပါတယ်။ ပင်လယ်ဖျံကြီးတွေဟာ သူတို့ရဲ့အစာတွေဖြစ်တဲ့ ပြည်ကြီးငါးနဲ့ တခြားငါးတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ရေအောက်အနက်ပေ ၁၃ဝဝ ကနေ ၃၃ဝဝ အထိကို ရေတစ်ခါ ငုပ်ရင် မိနစ် ၂ဝ ဝန်းကျင်နှုန်းနဲ့ တစ်ရက်ကိုအကြိမ်ပေါင်းများစွာငုပ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အဖြစ်မှတ်တမ်းတင်ခံရတဲ့ ပင်လယ်ဖျံကြီးမျိုးကို ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာတွေ့ရှိတာဖြစ်ပြီး အရွယ်အစားကတော့ အလျား ၂၂ ပေခွဲနဲ့ အလေးချိန်ပေါင် ၁၁ဝဝဝ ရှိပါတယ်။ အချိန်အကြာဆုံး အဖြစ်မှတ်တမ်းတင်နိုင်တဲ့ရေငုပ်မှုကတော့ ၂ နာရီနီးပါးဖြစ်ပြီး ရေအောက်အနက်ပေ ၄၆ဝဝ ကိုငုပ်တာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံးတွားသွားသတ္တဝါ - ရေငန်မိကျောင်း
သြစတြေးလျနိုင်ငံမြောက်ပိုင်းမှသည် အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက်မှာတွေ့ရလေ့ရှိတဲ့ ရေငန်မိကျောင်းတွေကတော့ ကမ္ဘာ့အကြီးဆုံးတွားသွားသတ္တဝါတွေပါ။ အရွယ်ရောက်ပြီးသားရေငန်မိကျောင်းရဲ့အလေးချိန်က ပေါင် ၉ဝဝ ကနေ ၂၂ဝဝ အထိရှိတတ်ပြီး အလျားကတော့ ပုံမှန်အားဖြင့် ၁၃ ပေကနေ ၁၈ ပေအထိရှိတတ်ပါတယ်။ ဒါပေမဲ့ တချို့မိကျောင်း ကြီးတွေကတော့ အလျားပေ ၂ဝ နဲ့ အလေးချိန်ပေါင် ၂၂ဝဝ ကျော်အထိ တောင်ရှိတာကိုတွေ့ရပါတယ်။ ရေငန်မိကျောင်းတွေဟာ ရေထဲမှာဖြစ်စေ၊ ကုန်းပေါ်မှာဖြစ်စေ သူတို့ပိုင်နက်ထဲရောက်လာတဲ့ ဘယ်သား ကောင်ကိုမှ အလွတ်မပေးတတ်တဲ့သတ္တဝါမျိုးဖြစ်ပါတယ်။