တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း၊ 

နေပြည်တော်၊ စက်တင်ဘာ - ၅
    
မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး ကာကွယ်ကြရမည်ဖြစ်ပြီး မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ရရှိအောင် ထုတ်လုပ်နိုင်သည့် အသေးစားစက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ယနေ့နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၊ တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့်(COVID-19)  ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။
    
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများတက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ (COVID-19)  ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များနှင့် ပတ်သက်၍ ပြောကြားရာတွင် တာချီလိတ်ဒေသသည် လမ်းပန်းဆက်သွယ်ရေး ဝေးလံသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၌ (COVID-19)  ရောဂါ ဖြစ်ပေါ်လျက်ရှိသည့်အတွက် သွားလာမှုကန့်သတ်ချက်များ ပိုမိုရှိလာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ခန့်က တာချီလိတ်မြို့နယ်အတွင်း၌ ကုန်ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်နေသည်ဟု ကြားသိရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်နှင့် နယ်မြေခံတပ်ဌာနချုပ်များမှတစ်ဆင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများကို စိစစ်စေခဲ့ရာတွင် ကြက်ဥတစ်လုံး ၁၇၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၂၅၀၀ ကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများ အသီးသီး မြင့်မားလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ တာချီလိတ်ဒေသသည် နယ်စပ်ဒေသ ကုန်သွယ်မှုပြုလုပ်သည့် ဒေသဖြစ်သော်လည်း စည်းကမ်းစနစ်တကျ ဖြစ်သည့် ကုန်သွယ်မှုဖြစ်စေလိုပါကြောင်း၊ သွားလာရေး အခက်အခဲများရှိသဖြင့် သယ်ယူ ပို့ဆောင်ရေးစရိတ် များကြီးမားမှုများကို ကာကွယ်ရန်အတွက် လိုအပ်သည့် စားသောက် ကုန်၊ သုံးကုန် ပစ္စည်းများကို ပြင်ပမှ ဝယ်ယူခြင်းအစား ဒေသတွင်း၌ပင် ထုတ်လုပ် နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်း တပ်မတော်မှ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိဘာသာရပ်တည်နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ (COVID-19) ရောဂါသည်  Second Wave ဖြစ်ပေါ်နေသည့်အခြေအနေဟု ယူဆရသည့်အတွက် ကူးလူးဆက်သွယ်မှုများတွင် ကန့်သတ်ချက်များရှိလာနိုင်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားကြရမည်ဖြစ်ကြောင်း။
    
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိတာချီလိတ်မြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမဲ ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆၉၄၁၉၆ ပြား၊ အိုက်စ် ၁၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကတ်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်၊ အခြားမူးယစ်စေတတ်သော ဆက်စပ်ပစ္စည်းများ ၆၅၈၈ ဒသမ ၆ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၂ ဒသမ ၆ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း၊ မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ် ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြသည့်အတွက် အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများပြားပါက သုံးစွဲသူများ များပြားလာ မည်ဖြစ်သလို မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများမှတစ်ဆင့် ငွေကြေးများစွာ ရမည်ဖြစ်သော်လည်း မသန့်ရှင်းသည့် ငွေများပင်ဖြစ်ကြောင်း၊ သမ္မာအာဇီဝဖြင့် လုပ်ဆောင်သောစီးပွားရေးဖြစ်စေရန် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးလုပ်ငန်း များကို တစ်စိုက်မတ်မတ် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။     
    
ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ကာကွယ်တားဆီးရန်နှင့် ဒေသတွင်း နေထိုင်သူများ၏ ငွေကုန်ကြေးကျ များပြားနေမှုများကို လျှော့ချနိုင်ရန် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ထိထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ အသားစားကြက်၊ အသားတိုးနွား၊ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း ကောင်းစွာ ဖြစ်ထွန်းသဖြင့် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် ရာဘာ၊ လက်ဖက်နှင့် ကော်ဖီတို့ကို စိုက်ပျိုး၍ ဝင်ငွေရရှိစေရေး ဆောင်ရွက်ခြင်း၊ ပြင်ပမှ ဝယ်ယူသုံးစွဲနေမှုများကို လျှော့ချပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် နယ်မြေခံတပ်ဌာနချုပ်များကလည်း တိုးချဲ့ဆောင်ရွက်ပြီး ဒေသတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ် ကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်ပစ္စည်းများသည် အမြဲတမ်းသုံးစွဲ၍ ကုန်ဆုံးသွား မည်ဖြစ်ပြီး လိုအပ်ချက် အမြဲရှိနေမည်ဖြစ်သောကြောင့် ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင် ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်စဉ်က စပါးရောင်းချခြင်းကို အားမပေးဘဲ စပါးကို ကြိတ်ခွဲ၍ရောင်းချစေပါကြောင်း၊ စပါး ကြိတ်ခွဲရောင်းချခြင်းဖြင့် ဒေသတွင်း၌ ဆန်စက်များလည်ပတ်ရသဖြင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပြီး စပါးမှထွက်သည့် ဖွဲနှင့် ဆန်ကွဲ ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကာ ဆန်ချောထွက်ရှိလာသည့်အတွက် ဈေးကောင်းပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တာချီလိတ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်၊ တပ်နယ်နှင့် တာဝန်ရှိသူများ အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
    
COVID-19 ရောဂါနှင့် ပတ်သက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာကြရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နေပြီဟုသိရှိရသော်လည်း သေချာမှုမရှိသေးသဖြင့် ကာကွယ်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်ပါကြောင်း၊ ရောဂါပိုးသည် ဆင့်ကဲပြောင်း လဲဖြစ်ပေါ်လျက်ရှိပြီး ယခင်ကတွေ့ရှိခဲ့သည့် ရောဂါပိုးနှင့် ဗီဇတူညီမှုရှိမည်မဟုတ်သဖြင့် နေထိုင်သွားလာစားသောက်မှုများအားလုံး ဆင်ခြင်ကြရမည်ဖြစ်ကြောင်း၊ မြို့သာယာ လှပရေးနှင့် ပတ်သက်၍ ခရိုင်မြို့ဖြစ်သည့်အတွက် အင်္ဂါရပ်များနှင့် လျော်ညီအောင်၊ ဒေသခံများ စည်းကမ်းရှိအောင် ထိန်းသိမ်းပေးရမည်ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် မလုံလောက်ဘဲ မြို့နေသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် များစွာလိုအပ်မည် ဖြစ်ပါကြောင်း။
    
မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး မိမိ ဒေသနှင့်တိုင်းပြည်ကို အကျိုးပြုမည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ဆန္ဒမဲပေး ကြရန်လိုကြောင်း၊ ပါတီများ၏ မူဝါဒများကိုကြည့်၍ တာချီလိတ်ဒေသမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်မှတစ်ဆင့် နိုင်ငံတော်အတွက် ကောင်းမွန်အောင်ဆောင်ရွက် နိုင်မည့်သူများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ မိမိရွေးချယ်ပေးလိုက်သည့်သူသည် တိုင်းပြည်အတွက် အကျိုးရှိရန်လိုအပ်ပြီး မိမိရွေးချယ်သူသည် တိုင်းပြည်အတွက် ကောင်းကျိုးမဖြစ်ပါက ဆုံးရှုံးမှုတစ်ရပ်သာဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူ အစိုးရ နှစ်ဆက် ဆယ်နှစ်တာ တွေ့ကြုံခဲ့သည့် အတွေ့အကြုံများဖြင့် ဆင်ခြင်သုံးသပ်၍ ၂၀၂၀ ပြည့်နှစ်အလွန်တွင် တိုင်းပြည်ကိုပိုမို၍ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်မည့်သူများ ရွေးချယ်နိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးကြရန်အကြံပြု ပြောကြား  လိုပါကြောင်းဖြင့် ပြောကြားသည်။
    
ထို့နောက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask  ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask  ၁၀၀၀ ခု၊ Face Shield  ၂၅၀ ခု၊ Sodium Hypochloride (15L)  ၆ ပုံး၊ Examination Glove  ၁၀၀၀ ခု၊  Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တာချီလိတ် မြို့မိမြို့ဖများ ဖြစ်သည့် ဦးတင်လှိုင်၊ ဦးကြည်မြင့်နှင့် ဦးထွန်းနေဦးတို့က အသီးသီး လက်ခံရယူသည်။ယင်းနောက် တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်က လက်ခံရယူသည်။ 
    
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများသည် တြိဂံဒေသတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၏ ဇနီးနှင့် တာချီလိတ်တပ်နယ် တပ်ရင်းတပ်ဖွဲ့ မှူးများ၏ ဇနီးများအား တာချီလိတ်တပ်နယ်၊ အောင်ပြည်ဟိန်းရိပ်သာ၌ တွေ့ဆုံ၍  တပ်မတော်သား မိသားစုဝင်များအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ပြီး တပ်မတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိနှင့် သက်ဆိုင်သော မိမိ၊ မိမိတာဝန်ယူနိုင်သော တပ်လုပ်ငန်းများကို "မောင်တစ်ထမ်း မယ်တစ်ရွက်"ပါဝင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်များဖြစ်သဖြင့် ခင်ပွန်းသည်နှင့် တပ်မတော်အတွက် အထောက်အပံ့၊ အကူ အညီပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း။
    
လက်ရှိအချိန်၌ ကမ္ဘာတွင်ဖြစ်ပွားနေသော (COVID-19) ရောဂါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များကို လိုက်နာဆောင် ရွက်ခြင်းဖြင့် ရောဂါအန္တရာယ် ကင်းရှင်းအောင် နေထိုင်ကြရန်လိုကြောင်း၊ မိသားစု သားသမီးငယ်များအားလည်း ရောဂါကူးစက်မှုမရှိစေရေး မိမိမှ စ၍ စည်းကမ်းတကျ လုံခြုံအောင်နေထိုင်ပြီး ရောဂါကူးစက်ပြန့်ပွားမှု တည်ငြိမ်သည်အထိ ကျန်းမာရေးအသိ ဖြင့် နေထိုင်သွားကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးမှ မှာ ကြားခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ  တာချီလိတ်တပ်နယ်မှူး၏ ဇနီးက လက်ခံရယူသည်။
    
ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ သွားရောက်၍ နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက   အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး  ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား၍ လှူဖွယ်ပစ္စည်းများ၊ ဘက်စုံ အလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြရာ ဆရာတော်ဘုရား ကြီးက ငါးပါးသီလပေးဝေခဲ့ပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ဦးစီးနာယကပြုလုပ်၍ ရဟန်းရှင်လူ၊ ပြည်သူအများကောင်းမှုဖြင့် သုံးလောက ထွဋ်ထားမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်(၃)ပုံတော် အား ဂုံရှမ်းတိုင်းရင်းသားဘာသာသို့ ပြန်ဆိုပြီး ကျောက်စာချပ်ပေါ်တွင် ရေးထွင်းကာ တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ပရိဝုဏ်၌ စိုက်ထူပူဇော်နေမှုအခြေအနေများအား ဆရာတော်ဘုရားကြီးဦးဆောင်မှုဖြင့် သွားရောက်ကြည်ညိုပြီး ကိုယ်တိုင်ပါဝင်စိုက်ထူ ကုသိုလ်ယူခဲ့သည်။
    
အဆိုပါ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ထန်းကိန် ကျေးရွာ၌ ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်တို့မှ မွေးဖွားခဲ့ပြီး ငယ်အမည် စိုင်းရှဲန်လာဖြစ်ကြောင်း၊ ၁၂၉၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံ၌ " ရှင်ရှဲန်လာ"အမည်ဖြင့် သာမဏေအဖြစ်သို့ ခံယူခဲ့ ကြောင်း၊ ရဟန်းအဖြစ်သို့ ရောက်ရှိချိန်တွင် အရှင် ဓမ္မသီရိ အဖြစ်အမည်တွင်ခဲ့ပါ ကြောင်း၊ လက်ရှိအချိန်တွင် သက်တော် ၉၂ နှစ်၊ ဝါတော် ၇၂ ဝါရှိပြီဖြစ်ပြီး ဆရာတော် သည် ပုန်းတွန်ကျောင်း၊ နဂါးနှစ်ကောင်ကျောင်းစသည့် ကျောင်းများအပါအဝင် ကျောင်း တိုက်ပေါင်း ၁၂ တိုက်ကိုတည်ထောင်တော်မူခဲ့ပြီး ဗုဒ္ဓသာသနာထွန်းကားရေးဆိုင်ရာများ ကို အားသွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ပိဋကတ် (၃)ပုံတော်အား ဂုံရှမ်း တိုင်းရင်းသားဘာသာသို့ ပြန်ဆိုပြီး ကျောက်စာချပ်ပေါ်တွင် ရေးထွင်းပူဇော်ခြင်းကို ဦးစီးနာယကပြုဆောင်ရွက်လျက်ရှိပြီး ကျောက်စာတိုင်ပေါင်း ၂၄၆၈ ချပ်ကိုစိုက်ထူရမည် ဖြစ်ကာ ၂၃၂၅ ချပ်စိုက်ထူပြီးဖြစ်ပြီး စိုက်ထူရန် ၁၄၃ ချပ်ကျန်ရှိကြောင်း သတင်းရရှိ သည်။