ပန်းဆိုးတန်း-ဒလ သင်္ဘောစီးနင်းသည့်ခရီးသည် ပြန်လည်လျော့ကျသွားသော်လည်း ခေါက်ရေ မလျှော့ဘဲ မူလအတိုင်းပြေးဆွဲပေးလျက်ရှိ

ရန်ကုန်မြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ပန်းဆိုးတန်း-ဒလ လမ်းကြောင်း၌ စီးနင်းသည့် ခရီးသည်   ပြန်လည်လျော့ကျသွားသော်လည်း   နေ့စဉ်ခေါက်ရေ  လျှော့ချခြင်း မရှိဘဲ   မူလအတိုင်းပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“စက်တင်ဘာလဆန်း ကတည်းက ခရီးသည်စီးနင်းမှု နည်းနည်းပြန်လျော့လာတယ်။ ဒါကလည်း COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုများလာလို့ တချို့မြို့နယ်တွေမှာ ကန့်သတ်မှုတွေရှိလာတာကြောင့် ခရီးသွားလာတဲ့သူတွေ နည်းလာတယ်လို့ မြင်မိပါတယ်။ ပြည်တွင်းရေကြောင်းအနေနဲ့တော့ လောလောဆယ် ခေါက်ရေမလျှော့ဘဲ မူလအတိုင်း ပြေးဆွဲ ပေးနေပါတယ်။ ဒါကလည်း သင်္ဘောပေါ်မှာ ခရီးသည်တွေ Social Distancing နဲ့အညီ စီးနင်းနိုင် စေဖို့လည်းဖြစ်ပါတယ်”  ဟု  ၎င်းင်းကပြော သည်။

ပန်းဆိုးတန်း-ဒလ လမ်းကြောင်းတွင် ပြေးဆွဲလျက်ရှိသည့်  ချယ်ရီအမှတ် (၁)၊ (၂)၊ (၃) သင်္ဘောသုံးစင်းအနက် တစ် စင်း အလှည့်ကျနားကာ သင်္ဘော နှစ်စင်းမှာ တစ်စင်းလျှင် တစ်ရက် ၄၆ ခေါက်နှုန်းဖြင့် နံနက် ၅ နာရီခွဲမှ ည ၉ နာရီခွဲ အထိ အသွားအပြန် ပြေးဆွဲပေးလျက်ရှိသည်။ COVID-19  ရောဂါစတင်ဖြစ်ပွားသည့်  မတ်လကုန်ပိုင်းနှင့်  ဧပြီလ တွင် ခရီးသည်စီးနင်းမှု လျော့ကျသွားပြီး မေလနှင့် ဇွန်လတို့တွင် စီးနင်းမှု အနည်းငယ် တိုးလာခဲ့ခြင်းကြောင့်  ဇွန်လမှစ၍  ရေယာဉ်များကို   မူလအတိုင်းပြေးဆွဲပေးလျက်ရှိသည်။ သြဂုတ်လအတွင်း ခရီးသည်စီးနင်းမှုများပြားလာခဲ့ကာ  တစ်ရက်လျှင် ခရီးသည် ပျမ်းမျှ ၂၅၀၀၀ ခန့်ရှိခဲ့သော်လည်း စက်တင်ဘာလဆန်းပိုင်းတွင် ပျမ်းမျှ ၂၀၀၀၀ မှ ၂၃၀၀၀ ခန့်သာ စီးနင်းမှုရှိပြီး ပြန်လည်လျော့ကျလာကြောင်း သိရသည်။

“ခရီးသည်တွေ အရင်လိုပြန်များလာဖို့က ရောဂါအခြေအနေပေါ် မူတည်ပါတယ်။  လက်ရှိမှာ ဆိပ်ကမ်းက နားနေဆောင်တွေ၊   သင်္ဘောတွေပေါ်မှာ Social Distancing နဲ့အညီ ထိုင်ဖို့၊ ဆိပ်ကမ်းဧရိယာထဲဝင်လာတာနဲ့ Mask တပ်ဆင်ဖို့၊ Mask မတပ်ဆင်ရင်  ဝင်ခွင့်မပြုဖို့တွေ ကိုလည်း  ကြပ်မတ်ဆောင်ရွက်နေပါတယ်” ဟု  ၎င်းက ပြောသည်။      

 ထက်ခိုင်(စမ်းချောင်း)